
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်မှုထမ်းရန် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ အတင်းအဓမ္မဖမ်းဆီးခံရသူ လူငယ် ၃၀ ကျော်ရှိပြီဖြစ်ကြောင်း ဖမ်းဆီးခံရသည့်မိသားစုဝင်များထံက သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့်လူငယ်များသည် ယခုလ နိုဝင်ဘာအတွင်း ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ၎င်းတို့ကို တမူးမြို့ရဲစခန်းနှင့် တပ်စခန်းတို့တွင် ထိန်းသိမ်းထားကာ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရကြောင်း သိရသည်။
“ဒီလ ပထမအပတ်ကနေ လူငယ်တွေကို စဖမ်းကြတာပါ။ ဖမ်းတာက ဒီကနေ့အထိ တစ်မြို့လုံးပါပဲ။ အထူးသဖြင့် ညဘက်တွေမှာ စစ်သားတွေနဲ့ပျူတွေက အိမ်ပေါ်တက်ပြီး ဖမ်းကြတာပါ” ဟု တမူးမြို့ စျေးတန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့်သူများထဲတွင် စစ်မှုထမ်းရန်အတွက် စာနှင့်ဆင့်ခေါ်ခံရသည့် လူငယ်များလည်းပါဝင်သည်။
ယင်းကဲ့သို့ စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးမှုများ ပြုလုပ်သည့်အတွက် လူငယ်များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရောက်နိုင်သည့် နယ်ကျေးရွာများတွင် တိမ်းရှောင်နေကြရသည်။
“အရင်ကလည်း အခုလိုဖမ်းဆီးတာတွေရှိတယ်။ အခုတစ်ကြိမ် ဒီလကနေစပြီး ဖမ်းလာပြန်တယ်။ အခုရက်ပိုင်း ပိုဆိုးလာတယ်။ အရင်ကလမ်းသွားလမ်းလာဖမ်းတယ်။ အခုက အိမ်ထိတက်ပြီးဖမ်းတယ်။ လူငယ်တွေကကြောက်ပြီး ထွက်ပြေးကုန်ကြတာ” ဟု တမူးဒေသခံ အသက်ကြီးပိုင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တမူးမြို့သည် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံတပ်ဖွဲ့များ ထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး ခိုးဆိုးလုယက်နှင့် လူပျောက်ဆုံးမှုများလည်း ဖြစ်ပွါးနေသည်။
ပုံစာ-တမူးမြို့တွင်း တစ်နေရာကိုတွေ့ရစဥ်။(ပုံဟောင်း)
#တမူးမြို့ #စစ်မှုထမ်းရန် #လူငယ်ဖမ်းဆီးခံရ #၃၀ကျော်ထိရှိလာ #Ayeyarwaddy_Times