
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ကိုးကန့်တပ်အပါအဝင် ညီနောင်သုံးဖွဲ့ ဖော်ဆောင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် လက်ရှိတွင် တရုတ်အစိုးရ၏ ဖိအားပေး ပိတ်ဆို့မှုများကြုံနေရသော်လည်း နှစ်ဖက်အားပြိုင်မှုများ ရှိနေဦးမည်ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်၍ (ပ၊ဒု)လှိုင်းများ ဖော်ဆောင်ခဲ့ရာ ယနေ့ဆိုလျှင် တစ်နှစ်ပြည့်ပြီဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီအတွက်က သူရဲ့ သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ဟိုဖက်ကကျတော့ သူတို့ရဲ့ နယ်မြေအုပ်ချုပ်ရေး၊ ထိန်းချုပ်နိုင်ရေး ဆိုတဲ့ဟာနဲ့ ပတ်သက်သွားလိမ့်မယ်။ ဆိုတော့ အဲဒီဟာမှာ သူတို့ အားပြိုင်ကြဦးမယ်လို့ ထင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ထို ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးချိန်ခွင်လျှာကို အတော်လေး ပြောင်းလဲစေခဲ့ပြီး အထူးသဖြင့် မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေဖြင့် မကြုံစဖူး နယ်မြေများချဲ့ထွင် သိမ်းပိုက်နိုင်ကာ စစ်ကောင်စီ အရှက်တကွဲ ရှုံးနိမ့်မှုများ ကြုံရကြောင်း သိရသည်။
“တစ်နှစ်ပြည့်တဲ့တိုင် စစ်ကောင်စီတပ်တွေက ပြန်ပြီးအခြေတည် မစုစည်းနိုင်သေးဘူးလို့ ယူဆပါတယ်။ ဆိုလိုတာက ပြင်ဦးလွင်၊ အမ်း စစ်ဌာနချုပ်တို့ကို ဆက်ပြီးခြိမ်းခြောက်မှု ရင်ဆိုင်နေရလို့ပါ” ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့သည် စစ်ဆင်ရေး (ပ၊ဒု)အတွင်း စစ်ကောင်စီအတွက် သမိုင်းအစဉ်အလာ ကြီးမားလှပြီး စစ်ရေး၊ စီပွါးရေးအရ အရေးပါသော လောက်ကိုင်၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)အပါအဝင် မြို့ပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။
ထိုကဲ့သို့ ဘုံရန်သူ စစ်ကောင်စီ အားနည်းချည့်နဲ့လာသော်လည်း ဘုံတူညီသော ပန်းတိုင်အတွက် နီးစပ်လာသည်ဟု ယူဆ၍ မရနိုင်သလို စစ်ရေးအောင်ပွဲများအား နိုင်ငံရေးအရ အနားမသတ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက လက်ရှိအခြေအနေကို သုံးသပ်ထောက်ပြသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အင်အားစုများအနေဖြင့်လည်း ခိုင်မာသည့် နိုင်ငံရေးစုစည်းမှုများ မလုပ်နိုင်သေးသလို တစ်ဖက်တွင်မူ တရုတ်အစိုးက ဟိုင်ဂင်ကိစ္စ အလုပ်မဖြစ်တော့သည့်အတွက် ရပ်တည်ချက်ပြောင်းကာ တစ်နိုင်ငံလုံး ဖြေရှင်းရေး ကြိုးပမ်းလာကြောင်း သိရသည်။
“အခုနယ်စပ် ပိတ်ဆို့တာဟာ တရုတ်ရဲ့ ထူးခြားရှားပါးတဲ့ ဆန်ရှင်တမျိုးပဲ။ ရည်ရွယ်ချက်ကတော့ EAOs တွေ အပစ်ရပ်ရေးနဲ့ လားရှိုးကို ပြန်ပေးရေးလို့ ယူဆထားနိုင်တယ်။ တရုတ်ဖိအားကြောင့် စစ်ရှိန်လျှော့သွားနိုင်တယ်။ လုံးဝရပ်ဖို့တော့ ပြောရခက်တယ်” ဟု လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောသည်။
မြောက်ပိုင်းအဖွဲ့များကို စစ်ဆင်ရေးများကြောင့် တရုတ်အစိုးရက တွေ့ဆုံကာ အပြင်းအထန် ဖိအားပေး ခြိမ်းခြောက်၍ ၎င်းတို့နှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်များ ပိတ်ဆို့နေသော်လည်း စစ်ကောင်စီ၏ တစ်ဖက်သတ် လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်နေမှုကိုမူ နှုတ်ဆိတ်နေသည်။
သက်ဆိုင်ရာ နယ်မြေဒေသအလိုက် စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများကို အုပ်ချုပ်ခွင့်ရရေး ကြိုးစားခြင်းမှာ ထိုအစုအဖွဲ့များ၏ ရည်ရွယ်ချက်ဖြစ်ပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီက ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေကြောင်း သိရသည်။
“အဲလိုအနေအထားမျိုးမှာ သူရဲ့ သက်ဆိုင်ရာ နယ်မြေဒေသ ထိန်းချုပ်နိုင်ရေး ပြီးရင် တရုတ်ရဲ့ ဦးစီးဦးဆောင်ပြုတဲ့ ရွေးကောက်ပွဲ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ဥစ္စာ ဖြစ်ပေါ်လာရေး ဆိုတဲ့ကိစ္စကို တိုက်တွန်းနေကြတယ်လို့ နားလည်လို့ရတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။
ပုံစာ- MNDAA၊ TNLA၊ AA မြောက်ပိုင်းညီနောင်သုံးဖွဲ့
#တရုတ်ဖိအား #၁၀၂၇စစ်ဆင်ရေး #နှစ်ဖက်အားပြိုင်မှု #ရှိနေဦးမည် #Ayeyarwaddy_Times