
ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ စက်တင်ဘာ ၂၈ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် စစ်ကောင်စီမှ နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲထားသည့် စခန်းမှ စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) ထံက သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် သိန္ဓောစစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဧပြီမှစတင်ကာ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ အဆိုပါစခန်းမှ စစ်ကောင်စီ အင်အား ၁၅၀ ကျော် ဝန်းကျင်မှာ စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါစခန်းကို တိုက်ခိုက်နေစဉ်တွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ပြီး မြေပြင်စစ်ကူအများအပြားကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ) အတွက်အဓိကကျတဲ့စခန်းတစ်ခု ဖြစ်ပါတယ်။ စခန်းသက်တမ်းက နှစ် ၄၀ ကျော်ပြီ။ တစ်တပ်လုံးစခန်းစွန့်ထွက်ပြေးတာပါ။ စခန်းစွန့်လာတာ အင်အား ၁၅၀ လောက်ရှိပါတယ်။ စခန်းကိုရှင်းလင်းပြီး ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံ ပိတ်ဆို့တိုက်ခိုက်နေပါတယ်” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သိန္ဓောစခန်းမှ ဆုတ်ခွာလာသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဘန်ကြုပ် ကျေးရွာအနီးတွင် ထိေတွ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် သတိထားသွားလာကြရန်လည်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၁) က သတိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားသည့် သိန္ဓောစခန်းသည် ၁၉၈၀ ခုနှစ်မှ စတင်ကာ ယခုအချိန်အထိ နှစ်ပေါင်း ၄၀ ကျော် အခြေ စိုက်တပ်စွဲခဲ့သည့် စစ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါစခန်းမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်း နှင့် ပွိုင့် ၃၀၀၀ စခန်းတို့ကို ထောက်ပံ့မှုပေးနေသည့် အဓိကကျသည့် ရှေ့တန်းစခန်းဖြစ်ကြောင်း သိရသည်။
သိန္ဓောစခန်းတိုက်ခိုက်မှုကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) နှင့် စစ်ကြောင်း(၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)
#တနင်္သာရီမြို့နယ် #သိန္ဓောစစ်စခန်း #စခန်းစွန့်ခွာထွက်ပြေး #စစ်ကောင်စီ #Ayeyarwaddy_Times