ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

မြန်မာနိုင်ငံတဝှမ်းရေကြီးရေလျှံမှုများကြောင့် သောက်ရေသုံးရေညစ်ညမ်းမှုအပါအဝင် ရေလွှမ်းမိုးနေသည့်နေရာတွင် နေထိုင်ရသဖြင့် နောက်ဆက်တွဲအန္တရာယ် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြစ်ရေကြီးမှု ရေကြီးရေလျှံမှုကြောင့် ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း နှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေလွှမ်းမိုးမှုခံရနေသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။

ရန်ကုန်မြို့တွင်စတင်ဖြစ်ပွားသောဝမ်းပျက်ဝမ်းရောဂါနှင့်ပတ်သက်ပြီး စစ်ကောင်စီက နောက်ဆက်တွဲသတင်းအချက်အလက်ထုတ်ပြန်ခြင်းမရှိသော်လည်း မြို့ကြီးများတွင် ဝမ်းပျက် ဝမ်းရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း အသိပညာပေးလျက်ရှိကြောင်းသတင်းရရှိသည်။

“ Facebook မှာ တွေ့နေရတာ ရေကြီးတာကို ကလေးတွေလျှောက်ဆော့နေတာ။ အဲဒီရေတွေခန္ဓာကိုယ်ထဲ ဝင်ပြီးတော့ ဝမ်းရောဂါတွေဖြစ်နိုင်တယ်။ ရေတွေကမသန့်ဘူးလေ။ အိမ်သာကျင်းထဲကရေတွေ လည်းပါလာနိုင်တာ။ ရေတဲဖြတ်လျှောက်သွားပြီး တစ်ကိုယ်ရေးသန့်ရှင်းမှုအားနည်းရင် ရောဂါပိုးကူးစက်ခံ ရဖို့ရှိနေပြီ ” ဟု ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

ထို့ပြင်သောက်သုံးရေကန်များအတွင် ရေဆိုးများဝင်ရောက်နိုင်သည့်အတွက် ရေကို ကလိုရင်းဆေးခတ်ခြင်းနှင့် ကျိုချက်သောက်သုံးရန်လည်း ၄င်းကကတိုက်တွန်းပြောဆိုသည်။

မြစ်ရေကြီးမှု၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်ရှိ ရေဆိုးရေညစ်များလျှံတက်လာပြီး ရေပြန်ကျသွားသောအခါ အညစ်အကြေး အနယ်အနှစ်များ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ် ) ကာလဝမ်းရောဂါကို ဖြစ်စေတတ်သော ကူးစက်ရောဂါပိုးမွှားပေါက်ပွားမှု များပြားလာသည့်အတွက် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်လာရကြောင်း စစ်ကောင်စီ၏ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှ ၃၁ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၁၁၄၄ ဦးဖြစ်ပွားကာ ယင်းတို့ထဲမှကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၁၄၇ ဦးရှိပြီး ယင်းနောက်ပိုင်းစစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။

စစ်ကောင်စီသည် ရေကြီးမှုမရှိသည့်မြို့နယ်များအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဓာတ်ဆားထုပ်များ ပေးဝေခြင်း၊ ကလိုရင်းဆေးခတ်ခြင်းများပြုလုပ်ပေးနေကြောင်း ဌာနထံမှ သိရသည်။

ဝမ်းလျှောရာတွင် ကာလတို ဝမ်းလျှောခြင်းနှင့် ကာလရှည် ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိပြီး ကာလတိုဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာတွင် ရပ်တန့်သွား၍ ကာလရှည်ဝမ်းသွားခြင်းတွင် ဝမ်းလျှောသည့်အကြိမ်ရေများပြားလာကာ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသောအစားအစာ စားသုံးခြင်းကိုရှောင်ကြဉ်ရန်၊သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ရန်အပါအဝင် လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန် ယင်လုံအိမ်သာသုံးစွဲရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်လိုအပ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရေကြီးမှု #နောက်ဆက်တွဲ #ဝမ်းပျက်ဝမ်းလျှော #ရောဂါ #သတိပေး #Ayeyarwaddy_Times