ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
ယခုရက်ပိုင်းအတွင်း လှုပ်ခတ်သွားသော ဘဏ်ဂယက်ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ခတ်သွားသော ဘဏ်ဂယက် အပါအဝင် အစိုးရဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများကို ထောက်ပံ့ကြေး ၃၀၀၀၀ ပေးမည်ဟု ထွက်ပေါ်လာပြီးနောက် နိုင်ငံခြားငွေလဲဈေးနှင့် အခေါက်ရွှေဈေးနှုန်းများ ထိုးတက်လာပြီး ဆက်လက်မြင့်နေမည်ဖြစ် ကြောင်း ငွေလဲလုပ်သူ ကုန်သည်တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် အမေရိကန် ဒေါ်လာဈေးကျပ် ၅၄၀၀ ကျော်သွားပြီဖြစ်ပြီး အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၆၄ သိန်း ကျော်သို့ရောက်ရှိလာခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ပတ်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၆၀၀ မှ ၄၈၅၉ ကျပ်ကြားရှိပြီး ရွှေဈေးသည်တစ်ကျပ် သားလျှင် ကျပ် ၅၈ သိန်းနှင့် သိန်း ၆၀ ဝန်းကျင်းတွင်ရှိလာခြင်းဖြစ်သည်။
ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာပေါက်ဈေး အရောင်းဈေးကျပ် ၅၃၀၀ နှင့် အဝယ်ဈေး ကျပ် ၅၄၀၀ ဝန်းကျင်ရှိကြောင်း မနက်ပိုင်းဈေးကွက်အရ ငွေလဲလုပ်သူတစ်ဦးထံက သိရသည်။
“ ထောက်ပံ့ကြေးပေးတာနဲ့ သိပ်တော့မဆိုင်ဘူး။ တစ်ချက်တော့ပါနိုင်ပေမယ့် အခုက ငွေရိုက် ထုတ်တားတာကို ကြိုသိလာတာဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်းကို လှုပ်ခတ်လိုက်တာပေါ့။ အဓိကပစ္စည်းရှား (ဒေါ်လာမရှိတာ)ပဲ။ ဒေါ်လာဝင်လာဖို့မရှိတာ။ စစ်ကောင်စီဆီရောက်မယ့် ဒေါ်လာတွေ အပိတ်ခံထားရတော့ ပစ္စည်းရှားတော့ ဈေးပိုတက်လာတာပဲ။ ရှေ့ဆက်တက်ဦးမှာ” ဟု ငွေလဲလုပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်ဝန်ထမ်းနှင့် အငြိမ်းစားများရရှိမည့်ထောက်ပံ့ကြေး သုံးသောင်း(၃၀၀၀၀) ကျပ်သည် ဈေးကွက် ထဲရောက်ရှိလာခြင်း မရှိသေးချိန်တွင် ကျပ်နှစ်သောင်း(၂၀၀၀၀) တန်သုံးစွဲမှုအချို့တွေ့မြင်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းပြင်စစ်ကောင်စီသည် ငွေကြေးကျပ်တည်းမှုဖြေရှင်းအတွက် ကျပ်ငွေ သုံးထရီလီယံကျော် ရိုက်နှိပ် ထား ကြောင်းစုံစမ်းသိရသည်။
“ အခုထွက်တဲ့တစ်သောင်းတန်အသစ် ဂဏန်းကြည့်လိုက်ရင် W နဲ့စတယ်။ W ပြီးရင် X,Y,Z ပဲကျန်တော့တယ်” ဟု ငွေကြေးဈေးကွက်နားလည်သူတစ်ဦးက ပြောကြားသည်။
ယခု မနက်ပိုင်းပြည်တွင်းရွှေဈေးကွက်တွင် အကယ်ဒမီအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၆၈ သိန်းကျော်ရှိနေကာ အကယ်ဒမီအတုံးကို ပြင်ပဈေးကွက်တွင်သာ ဝယ်ယူနိုင်ကြောင်းသိရသည်။
ထို့ပြင် ထိုင်းဘတ်ဈေးနှုန်းများ တဖြည်းဖြည်းတက်လာရာတွင် ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၄၈ ကျပ်ဖြစ်ပြီး ကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် ၆၇၅ ဘတ်သာရမည်ဖြစ်သည်။
ထိုင်းဘတ်ဈေးသည် ပြီးခဲ့သည့်နှစ်အပတ်အတွင်း ထိုင်းတစ်ဘတ်လျှင် ၁၂၀ ကျပ်မှ ၁၃၃ ကျပ်ကြားရှိရာဈေးတောက်လျှောက်မြင့်တက်လာခြင်းဖြစ်သည်။
တရုတ်ယွမ်ဈေးနှုန်းသည် တစ်ယွမ်လျှင် ၇၃၀ ကျပ်ရှိကြောင်း ငွေလဲလုပ်သူများထံမှစုံစမ်းသိရသည်။
ပြီးခဲ့သည့်နှစ်ပတ်အတွင်း တစ်ယွမ် ၆၄၅ ကျပ်မှ ၆၇၁ ကျပ်ကြားရှိရာမှာ ဈေးထပ်မံ မြင့်တက်လာ ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံခြားငွေလဲနှုန်းထားတက် #ဒေါ်လာဈေး #ရွှေဈေး #ထိုင်းဘတ်ဈေး #ယွမ်ဈေးတက် #Ayeyarwaddy_Times