နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
စစ်ကောင်စီက ဒုစစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ကို ဝါဒဖြန့် သတင်းစာမှတဆင့် ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြခဲ့သော်လည်း တရုတ်အစိုးရဘက်ကမူ ဝန်ကြီးအဆင့် ဖိုရမ်သာဖြစ်၍ ထုတ်ပြန်ဖော်ပြခြင်း မရှိခဲ့သလို မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍လည်း ထူးထူးခြားခြား ရှိလာမည်မထင်ကြောင်း လေ့လာသူများက သုံးသပ်ထောက်ပြသည်။
တရုတ်နိုင်ငံတွင် ယခု ဇူလိုင်လ ဒုတိပတ်က ကျင်းပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်ကို အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခွင့် ရရှိခဲ့သည့်အပေါ် စစ်ကောင်စီက ဓာတ်ပုံများနှင့်တကွ ဝေဝေဆာဆာ ဖော်ပြခဲ့သော်လည်း ယင်းခရီးစဉ်နှင့် ပတ်သက်၍ တရုတ်သံရုံးဘက်ကမူ လက်ရှိတိုင် ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
“စစ်ကောင်စီဘက်ကတော့ ဂုဏ်လုပ်စရာကြီးလို ဖြစ်တာပေါ့ဗျာ။ အဲဒါကြောင့် သူက တက်တက်ကြွကြွကြီး ပြောနေတာထင်တယ်။ တရုတ်ဘက်ကတော့ ဒီလိုဖိုရမ်မျိုးတွေက အများကြီးလေ။ အခုတလောမှာ တရုတ်ပြည်ကိုလာတာ ဝန်ကြီးချုပ်တွေရော၊ သမ္မတတွေရော ရှုပ်ယှက်ခက်နေတာ။ အဲဒီတော့ ဝန်ကြီးအဆင့် ဖိုရမ်လေးကို တလေးတစားကြီး ဖော်ပြနေတာမရှိဘူး” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုစစ်ခေါင်းဆောင်အနေဖြင့် အဆိုပါ ခရီးစဉ်ကို အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်း ဖြစ်သော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် ချမှတ်ခဲ့သည့် နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်လောက်ပင် တရုတ်အစိုးရ၏ အရေးပေးမှုကို မခံရသလို ထူးခြားမည့် ခရီးစဉ်မဟုတ်ကြောင်း သိရသည်။
“စိုးဝင်းသွားတဲ့အတွက် တရုတ်ရဲ့ သဘောထား ပြောင်းလဲလာမှာ မဟုတ်သလို မြန်မာပြည်က ပြဿနာတွေဘာတွေနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြောစရာ ဆိုစရာ ရှိမယ်မထင်ဘူး။ ဦးသိန်းစိန် ခရီးစဉ်တုန်းကလို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံတာမျိုးလောက်တောင် မရှိခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော်က ဒီခရီးစဉ်က ဘာမှထူးခြားလာမယ်လို့ မထင်ပါဘူး” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုခရီးစဉ်အတွင်း ဒုစစ်ခေါင်းဆောင်သည် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌနှင့် SCO ၏ အိမ်နီးချင်းကောင်း မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့ နှင့် နှစ်နိုင်ငံ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပါအဝင် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ စီမံကိန်းများ ဆောင်ရွက်နိုင်ရန် လုံခြုံရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ပြောနေသည်မှာ အပစ်အခတ် ရပ်စဲပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်စေရေး တိုက်တွန်းမှုများဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန် လာရောက်စဉ်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ထိုကဲ့သို့ တိုက်တွန်းခဲ့သည်ဟု ကြားသိရသောကြောင့် ယခု ဒုစစ်ခေါင်းဆောင်ခရီးတွင်လည်း ကြုံကြိုက်ပါက တရုတ်အနေဖြင့် အဆိုပါကိစ္စရပ် ကိုသာ ထပ်ပြောနိုင်ကြောင်း ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။
“မြန်မာပြည်သူတွေ ရှေ့မှာတော့ တရုတ်နဲ့ ဆက်ဆံရေး ကောင်းနေတယ်။ သံခင်းတမန် ခင်းတွေမှာ သူတို့က တစ်ဦးတည်း ဖြစ်နေတာ မဟုတ်ဘူး။ အထီးကျန်နေတာ မဟုတ်ဘူးဆိုတာ ပြဖို့အတွက် တရုတ်ကို ဖျပ်ဖျပ်လူး ပြနေတာ။ တကယ်တော့ တရုတ်ပြောတာတွေ သူတို့လက်မခံပါဘူး” ဟု ဒေါက်တာ လှကျော်ဇောက ဆိုသည်။
ဒုစစ်ခေါင်းဆောင်သည် အဆိုပါ ခရီးစဉ်အတွင်း တရုတ်ထံက စစ်လက်နက်ပစ္စည်းများ ဝယ်ယူသည်ဟု အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းမတိုင်ခင် ကလည်း တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တွေ့ဆုံ၍ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်အပါအဝင် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဒါကတော့ အရင်ကတည်းကလည်း ဝယ်တာပဲလေ။ တရုတ်ကလည်း ပိုက်ဆံပေးရင် ရောင်းတာပဲလေ။ ဒါကလည်း သိပ်ထူးထူးဆန်းဆန်းကြီး မဟုတ်ပါဘူး။ တရုတ်ကတော့ သူ့အကျိုးအမြတ်ရှိရင် လုပ်မှာရောင်းမှာပဲလေ။ အခုပြောနေကြတဲ့ လေယာဉ်ဆီကိစ္စ ပြတ်တောက်မယ် ဘာညာပေါ့။ ဒါပေမယ့် တရုတ်ရှိနေလို့ကတော့ လေယာဉ်ကိစ္စက ပြတ်တောက်လည်း တရုတ်က ရောင်းပေးမှာပါပဲ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ကော်မရှင်ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့
#ဒုစစ်ခေါင်းဆောင်ခရီးစဉ် #ဝန်ကြီးအဆင့် #တရုတ်ဖော်ပြခြင်းမရှိ #Ayeyarwaddy_Times