ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာပြီး စစ်ဘောင်ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ဘေးရှောင် ပြည်သူများလည်း တိုးပွားလာကာ လက်ရှိတွင် စစ်ဘေးရှောင် ၃ သိန်းကျော်ရှိနေပြီး စားနပ်ရိက္ခာအခက်အခဲဖြင့် ရင်ဆိုင်နေကြရကြောင်း စစ်ရှောင် များကို ကူ ညီ‌နေသူတစ်ဦးထံက သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၁၃ ရက်နေ့ မှစတင်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ရခိုင်ပြည်နယ် တစ်ခုလုံးရှိ ကုန်လမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့ပြီး ပြည်သူများ ဖြတ်သန်း သွားလာခွင့်များကိုပါ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်လိုက်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်းများပါ ပိတ်ဆို့ပြတ်တောက်သွားပြီး ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ကာ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာရရှိရန် အတွက် ခက်ခဲလာကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းတစ်ခုလုံးတွင် စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ထားသည့်အတွက် စစ်ရှောင်များကို ကူညီရန်ခက်ခဲပြီး အသက်အန္တရာယ် လုံခြုံရေးပါ တာ၀န်ယူ၊ တာ၀န်ခံမှု မရှိနိုင်တော့သည့်အတွက် ပြည်နယ်အတွင်းရောက်ရှိ နေသည့် UN, NGO နှင့် INGO အဖွဲ့များ ထွက်ခွာမှုများ ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

ရခိုင်ဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုအကူအညီများပေးရန် ရောက်ရှိနေသည့် UN, NGO နှင့် INGO အဖွဲ့အစည်းများသည် လက်ရှိတွင် ပြည်နယ်အတွင်းမှ ထွက်ခွာ နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်များနှင့် ဒုက္ခသည် စခန်းများကို ကူညီနေသည့် UN အပါအ၀င် နိုင်ငံတကာမှ အဖွဲ့အစည်း ၄၀ ကျော်ရှိနေပြီး အများစုမှာ စစ် တွေအခြေစိုက်ဖြစ်ကာ ကျန်သည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲတို့တွင်လည်း ရုံးစိုက်ထားသည့် အဖွဲ့အစည်းများ ရှိနေသည်။

အဆိုပါ ဒေသများတွင် ပြည်သူများမှာ အိုးအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရပြီး စစ်ရေး လည်းပိုမိုပြင်းထန်လာသည့်အတွက် ကူညီပေးနေသည့် အဖွဲ့အစည်းများ စစ်တွေသို့ တိမ်းရှောင်လာကြပြီး စစ်တွေမှတဆင့် ဆိုင်ရာနယ်မြေများသို့ ပြန်လည်ထွက်ခွာ ကြတော့မည်ဖြစ်ကြောင်း NGO အဖွဲ့အစည်းတစ်ခုထံက သိရသည်။

စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးတွင် ၀င်ထွက်ခွင့်ကို ပိတ်ဆို့လိုက်သည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုပါ ဖြတ်တောက် လိုက်သည့်အတွက် ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံ UNOCHA က ရခိုင်ပြည်နယ်အတွင်း အကူအညီများ လုံလောက်စွာ ပေးနိုင်ခြင်းမရှိ တော့ဘဲ လူအသုံးအဆောင်ပစ္စည်းများ ပြတ်လပ်လာသည့်အတွက် စစ်ရှောင်များကို ရိက္ခာများ မပေးနိုင်တော့ကြောင်း ဒေသတွင်း မီဒီယာအချို့တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာတစ်သောင်းကျော် ခိုလှုံနေသည့် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည် စခန်းတွင်လည်း ရိက္ခာပြတ်လပ်သည့် အခက်အခဲဖြင့် ရင်ဆိုင်နေရပြီး အဆိုပါစခန်းကို ထောက်ပံ့ကူညီနေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဲ့သို့သော အဖွဲ့အစည်းများပါ ထွက်ခွာ တော့မည့်ဖြစ်သည့် အတွက် ဒုက္ခသည်စခန်းများနှင့် စစ်ဘေးရှောင်များအသက်ဆက် ရပ် တည်နိုင်ရန် ပိုမို ခက်ခဲလျက်ရှိကြောင်း သိရသည်။

“ငှက်ချောင်းဒုက္ခသည်စခန်းမှာ စား၀တ်နေရေးအခက် အခဲက တော်တော်လေးကို ဖြစ်နေတယ်။ စစ်ကောင်စီက နို၀င်ဘာကတည်းက လမ်းပန်းဆက်သွယ်ရေး အကုန် ဖြတ်တောက်လိုက်တာဆိုတော့ ရိက္ခာမရတာ ၃ လနီးပါးရှိပြီ။ ဒုက္ခသည်တွေ ထမင်းမစားရတဲ့နေ့တွေ တောင်ရှိလာပြီ”ဟု ငှက်ချောင်းဒုက္ခသည်စခန်းတွင် ကူညီနေ သည့် NGO အဖွဲ့အစည်းတစ်ခုက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုလက်ရှိ စစ်ရေးအခြေအနေသည် စစ်တွေသို့ ဦးတည်လာနေပြီ ဖြစ်သည့်အတွက် စစ်တွေအခြေ စိုက်အဖွဲ့များ ရန်ကုန်သို့ စတင်ထွက်ခွာနေပြီဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်

#ရခိုင် #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #ပြတ်လပ် #UN #INGO #NUG #ထွက်ခွာ #Ayeyarwaddy_Times