ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီ ၂၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာနှင့် စုံနံ့သာရွာကြားရှိ ခံသင်းတံတား စစ်ဆေးရေးဂိတ်မှ ထွက်လာသည့် စစ်ကောင်စီလက်‌အောက်ခံ တပ်ဖွဲ့ဝင် သုံးဦးပါဝင်သည့် ကားကို ယနေ့ ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၇ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေး-မော်လမြိုင် ကားလမ်းမပေါ်ရှိ ခံသင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်သည် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ဆေးရေး ဂိတ်ဖြစ်ပြီး ဂိတ်မှူးစိုးသူ လိုက်ပါလာသည့် ကားကို စုံနံ့သာရွာအနီးတွင် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စိုးသူအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးလုံးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စိုးသူဆိုတာက ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်ပဲ။ သူတို့ဝတ်တဲ့ ယူနီဖောင်းတောင် တပ်ယူနီဖောင်းပဲ။ အခုသူကခံသင်းဂိတ်မှူးပေါ့။ ခံသင်းဂိတ်က အာဏာမသိမ်းခင်က ဓားမြအဖွဲ့တွေပေါ့။ သူတို့က စစ်ကောင်စီမှာ အလင်း၀င်ထားတယ်။ နောက်ပိုင်း ငြိမ်းချမ်းရေးခေါင်းစဥ်နဲ့ စစ်ကောင်စီက သူတို့ကို တာ၀န်တစ်ခု ပြန်ပေးပြီးတော့ လက်နက်ထုတ်ထားပေးတယ်ပေါ့။ ပြောရမယ်ဆိုတော့ ပျူစောထီး (ပြည်သူ့စစ်)တပ် တစ်တပ်ပေါ့။ သူတို့ကစစ်ဆေးရေးဂိတ်လုပ်တယ်။ စိုးသူကိုယ်တိုင် ကားနဲ့ထွက်လာတဲ့အချိန် ကျွန်တော်တို့လမ်းခုလတ်ကစောင့်ပစ်ခဲ့တာ” ဟုရေးဘီလူအဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်ရာတွင် အဆိုပါအဖွဲ့ထံမှ လက်နက်ကြီး တစ်လက်၊ AK နှစ်လက်၊ ၇၉မမ ကျည်များ၊ AK ကျည်နှင့် ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ၏ ခမရ-၃၄၃ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ကလော့ကြီးကျေးရွာအခြေစိုက် အမတ-၃၁၆ တပ်ရင်းမှူးအောင်ဇင်လတ် မောင်းနှင်လာသည့်ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ရာ အဆိုပါတပ်ရင်းမှူးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရေးဘီလူး
#ရေး #ခံသင်းတံတားစစ်ဆေးရေးဂိတ် #စစ်ကောင်စီလက်အောင်ခံ #တပ်ဖွဲ့ဝင်၃ဦး #ပစ်ခတ်ခံရ #ရေးဘီလူး #Ayeyarwaddy_Times