young women knee ache, healthcare concept

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၂၁ ရက်)

နေ့စဉ်လှုပ်ရှားသွားလာ နေကြသူတိုင်း ဒူး‌ခေါင်းလေးတွေ ကျန်းမာဖို့လိုပါတယ်။ နေ့တိုင်း အသုံးပြုနေကြတဲ့ ဒူးအဆစ်လေးတွေ ထိခိုက်ဖူးပါသလား။ ဒူးနာဖူးပါသလား။ မိသားစုဝင်တွေ မှာရော ဒူးနာတယ်ဆိုပြီး ညည်းတွားသံတွေရော ကြားဖူးကြပါသလား။

#ဒူးဆစ်

ဒူးအဆစ်ဆိုတာ တံခါးပတ္တာလိုမျိုး (အဖွင့်နှင့်အပိတ်) အကွေး အဆန့် ကို လုပ်နိုင်ပါတယ်။ သူ့ကို ပေါင်ရိုးတစ်ရိုး ခြေသလုံးအရိုးနှစ်ရိုးတို့နဲ့ ဒူးကွေးခြင်း၊ ဒူးဆန့်ခြင်းလုပ်နိုင်ဖို့ တည်ဆောက်ထားပါတယ်။ ဒူးအရှေ့မှာတော့ ဂုံညှင်းရိုးပြား တစ်ခု ရှိနေပါတယ်။ ဒူးအဆစ်မှာ ကြွက်သားကြီးတွေ အရွတ်မျှင်တွေ အများကြီးရှိနေပြီး လမ်းလျှောက် နိုင်စေဖို့ ခန္ဓာကိုယ်ကြီးတစ်ခုလုံး တည့်တည့်မတ်နိုင်အောင် ထိန်းပေးထားပါတယ်။

#ဒူးခေါင်းနှင့်ဒဏ်ရာ

ခြေထောက် လက်ထောက်တွေဆိုတာက မတော်တဆ ဒဏ်ရာရတက်တဲ့‌ နေရာ ဖြစ်ပါတယ်။ ဒူးခေါင်းကတော့ ထူးထူးခြားခြား ဒဏ်ရာရအလွယ်ဆုံး နေရာတစ်ခု ဖြစ်နေပါတယ်။ ချော်လဲရင် ဒူးပွန်းပါပြီ။ စက်ဘီးမှောက်ရင် ဒူးထိခိုက်ပါပြီ။ ဆိုင်ကယ် လဲရင် ဒူးပြဲပါပြီ။

အားကစားသမားတွေ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင် (PDF) တွေ လေ့ကျင့်ရေးလုပ်စဉ် ဒူးထိခိုက်တတ်ကြပါတယ်။ အဝလွန်သူတွေ၊ သွေးဆုံးပြီးအမျိုးသမီးတွေ၊ ကုန်ပစ္စည်းထမ်းပိုးသယ်သူ ကာယဝန်ထမ်း တွေ မှာ ဒူးနာခြင်းဆိုတာအဖြစ်များကြပါတယ်။

#ဒူးထိခိုက်ပွန်းပဲ့ခြင်း

ချော်လဲတဲ့အခါဖြစ်ဖြစ် ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်ဖြစ် ဒူးနေရာမှာ ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာရပြီဆိုပါက ဒဏ်ရာကို (Normal Saline Solution) ဆားပါဝင်တဲ့ ဆေး‌ရည်ဖြင့် ဆေးချတာက အကောင်းဆုံးဖြစ်ပါတယ်။ ရေသန့်သန့်သုံးပြီး ဆေးကြောလို့လည်းရပါတယ်။ ဖုန် ခဲ သဲ အမှုန်အမွှားများ ရှင်းလင်းကုန်စင်သွားအောင် ဆေးပစ်ရပါမယ်။

ဒဏ်ရာကို အိုက်အို‌ဒင်းပါဝင်တဲ့ ဆေးအဝါ‌ရည်နဲ့ တို့ပေးရပါမယ်။ အရက်ပြန်ကို အနာပေါ်လောင်းချခြင်းမျိုး မလုပ်ရပါ။ အရက်ပြန်ကို ပွန်းပဲ့မှုမရှိတဲ့ အရေပြား‌ပေါ်မှာသာ သုံးရမှာဖြစ်ပါတယ်။ ဒဏ်ရာပေါ် ပိုးသတ်ပတ်တီးစ အုပ်ပေးနိုင်ပါက ပို၍ကောင်း ပါတယ်။ မိသားစုဝင် တစ်ယောက် ဒူးခေါင်းပွန်းပဲ့ဒဏ်ရာရပါက ယခုကဲ့သို့ စနစ်တကျ လုပ်ဆောင်ပေးရပါမယ်။

ထိခိုက်ဒဏ်ရာကြီးမားရင်တော့ ဆရာဝန်ဆီကိုပြသရပါမယ်။ ဒူးထိခိုက်ဒဏ်ရာရတဲ့အခါ အများကြီးမလှုပ်ရှားဘဲ အနားပေးရပါမယ်။

#ဒူးနာခြင်းဝေဒနာ

အဝလွန်သူသုံးယောက်မှာ နှစ်ယောက်လောက်က ဒူးနာခြင်းကို ခံစားရတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေ သွေးဆုံးပြီးသူတွေ အရိုးပွရောဂါခံစားနေရသူတွေ မှာလည်း ဒူးနာခြင်းကို ကြုံတွေ့နေရပါတယ်။ အဆစ်မြစ်ရောင်ရောဂါကြောင့် ဒူးတစ်ခုလုံး ရောင်ရမ်းနာကျင်နေရပြီး ဒူးခေါင်းပျက်စီးယိုယွင်းစေပါတယ်။

ဒူးနာတဲ့အခါ ဒူးကိုရေခဲကပ်ပေးလို့ရပါတယ်။ ဒူးဆန့်ထားလျက် ခေါင်းအုံးခုထားပေးပြီး မြှောက်ထားပေးတာကလည်း သက်သာစေပါတယ်။ ဒူးစွပ် စွပ်တာကလည်း သက်သာ စေတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး တွေသောက်ဖို့လိုအပ်ပါတယ်။

နာနေတဲ့ဒူးကို အနားပေးရပါမယ်။ ပြင်းပြင်းထန်ထန်အားကစားလုပ်တာတွေ ရှောင်ရ ပါမယ်။ ခုန်ရတဲ့ အားကစား ဟန်းချက်ထိန်းရတဲ့ အားကစားတွေက ဒူးကို ပိုပြီး နာကျင်စေတတ်ပါတယ်။

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း တို့ကို လုပ်ပေးနိုင်သလို ရေထဲလမ်းလျှောက်ခြင်း၊ ရေကူးခြင်းတွေကို လုပ်ပေးတာကလည်း ဒူးနာခြင်းအတွက်ကောင်းပါတယ်။

ဒူးနာပြီဆိုရင်တော့ နေထိုင်မှုအမူအကျင့်ပြုပြင်ပြောင်းလဲဖို့ လိုလာနေပါပြီ။ ကိုယ် အလေးချိန်ထိန်းဖို့၊ ဝိတ်ချဖို့ အရေးကြီးလာပါပြီ။ အစားအသောက် မှန်မှန်ကန်ကန် ရွေးချယ်ပြီး သင့်ရဲ့ပိုနေတဲ့အဆီတွေကို လျှော့ချရပါမယ်။

အပြင်းအထန် ဒူးနာချိန်မှာ နားဖို့လိုပေမယ့် ကျန်အချိန်တွေမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတွေ သန်နေအောင် ခန္ဓာကိုယ်ကျစ်လစ်နေအောင်ထိန်းထားရပါမယ်။ ကြွက်သားတွေသန်‌နေမှ ဒူးဆစ်အပေါ် သက်ရောက်နေတဲ့ဖိအားတွေလျော့နည်းပြီး နာကျင်ခြင်း သက်သာမှာ ဖြစ်ပါတယ်။

အားကစားသမားတွေ၊ အလေးမသူတွေနဲ့ Gym သွားဆော့ကြသူများ အတွက်လည်း နာကျင်ခြင်းမဖြစ်ရအောင် အကြောလျှော့ သွေးပူလေ့ကျင့်ခန်းတွေ အမြဲလုပ်ပေး ရပါမယ်။ ကြွက်သားများတောင့်တင်းနေချိန် ပြင်းပြင်းထန်ထန်အားကစားလုပ်ပြီး ဒဏ်ဖြစ်တဲ့အခါ အရွတ်ထိခိုက် နိုင်ပါတယ်။

#ဒူးခေါင်း‌အတွက်ဆေးကုသမှုများ

ဒူးကို ဆေးကုတဲ့အခါ အကိုက်အခဲပျောက်ဆေး သောက်ဆေး လိမ်းဆေးတွေ သုံးပြီး ကုသကြရပါတယ်။ Paracetamol Ophenedrine , Ibuprofen , Naproxen , Diclofenac နှင့် NSAID သာမက Steroids ဆေးတွေအထိ အကိုက်အခဲ ပျောက်ဆေး‌တွေသုံးကုသကြပါတယ်။ အနာပျောက်ဆေးတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းထိခိုက်ခြင်း? ကျောက်ကပ်ထိခိုက်ခြင်းတွေ မဖြစ်ရအောင် တတ်ကျွမ်း နားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။

ဒူးအဆစ်အတွင်းသို့ ဆေးရည်ထိုးပြီးကုသခြင်းက ထိရောက်မှုရှိပေမယ့် အန္တရာယ် သိပ်များပါတယ်။ ဒူးဆစ်အတွင်းဆေးရည်ထိုးခြင်းကို အတွေ့အကြုံရင့်၊ ဝါရင့် အရိုး အဆစ် အထူးကုသမားတော်တွေ၊ အရိုးအထူးကုခွဲစိတ်ဆရာဝန်တွေနဲ့သာ လုပ်ဆောင် သင့်ပါတယ်။

ဆေးထိုးစဉ်မှာ မသန့်ရှင်းပါက နောက်ဆက်တွဲဆိုးကျိုးကြီးတွေ ရှိနေတတ်ပါတယ်။ ဆေးထိုးစဉ်မှာ အနီးအနားမှာရှိတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ၊ အရွတ်နဲ့ ကြွက်သားတွေ ထိခိုက်သွားပါက မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ မဖြစ်မနေထိုးဖို့ မလိုအပ်ဘူးဆိုရင် လုံးဝ မလုပ်သင့်ပါ။ ဒူးထိခိုက်ပျက်စီးသွားပါက ဒူးဆစ်တခုလုံးကို လဲလှယ်ခွဲစိတ်ကုသခြင်းမျိုး လိုအပ်သွားနိုင်ပါတယ်။

#ဒူးနားခြင်းနှင့်ဖိနပ်

ဒူးဖိအားကို လျော့နည်းဖို့ မှန်ကန်တဲ့ဖိနပ်ကိုရွေးချယ်ရပါမယ်။ ဒေါက်မြင့်ဖိနပ်တွေ၊ ခုံထူဖိနပ်တွေ၊ မာလွန်းတဲ့ဖိနပ်တွေ လည်ပင်ရှည်ဖိနပ်တွေကြောင့် ဟန်ချက် ထိန်းရခက်ပြီး ဒူးနာတတ်ပါတယ်။

အားကစားဖိနပ်အမျိုးမျိုးရှိပါတယ်။ လမ်းလျှောက်ဖိနပ်၊ အပြေးဖိနပ်၊ ဘောလုံးကန် ဖိနပ်၊ တောင်တက်ဖိနပ် စသည်ဖြင့် ကိုယ်ပြုလုပ်မယ့် အားကစားအလိုက် စနစ်တကျ ရွေးချယ်ရပါမယ်။ သက်တောင့်သက်သာမရှိတဲ့ ဖိနပ်ကြောင့် ခြေထောက်နာ ဒူးနာ တတ်ပါတယ်။ ဒါကြောင့် နေ့စဉ် သွားလာတဲ့အခါ ပေါ့ပါ့း အဆင်ပြေတဲ့ဖိနပ်ကိုသာ စီးကြဖို့ အကြံပေးချင်ပါတယ်။

#ဒူးနဲ့ခြေတု

‌လက်နက်ထိခိုက်မိလို့ မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရသူတွေအနေနဲ့ ဒူးခေါင်း နေရာက အရေးကြီးပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးလိုက်ရသူများ ဒူးခေါင်းနေရာမှာ ခြေတုစွပ်ပြီး ပုံမှန်ခြေလက်များအတိုင်း လှုပ်ရှားသွားလာနိုင်ပါတယ်။ ဖြတ်တောက် လိုက်ရရင်လည်း စိတ်ဓာတ်မကျဘဲ ကျန်ရှိနေတဲ့ ကိုယ်အင်္ဂါတွေကို လှုပ်ရှားထားကြပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန နဲ့ တော်လှန်ရေးအတွင်းမှ မြန်မာဆရာဝန်တွေဟာ အလျဉ်းသင့်သလို ခြေတုတွေတပ်ဆင်ပေးနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေတဲ့အကြောင်း ဒီနေရာကနေ အသိပေးချင်ပါတယ်။

နောက်တစ်ပတ်မှာတော့ ဦးရေပြားနဲ့‌ ဗောက်ရောဂါအကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုနားဆင်ပေးပါဦးခင်ဗျာ။

AyeyarwaddyTimes ပရိသတ်များအားလုံးလည်း စစ်ဘေးကင်းကွာ ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း # ဒူးနာခြင်းဝေဒနာ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)