ဧရာဝတီတိုင်းမ်
(အင်္ဂပူ) စက်တင်ဘာလ ၁၆ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ရှိ Mytel ရုံးတွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖုန်းဆင်းကဒ်၏ နံပါတ်ကို ပြပြီး ဖုန်းသုံးစွဲသူအချို့၏ တည်နေရာများကို တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

သြဂုတ်လတွင်နှစ်ကြိမ်၊ ယခု စက်တင်ဘာလအတွင်း နှစ်ကြိမ် စုစုပေါင်းလေးကြိမ်အထိ အင်္ဂပူ Mytel ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်တောင်းယူနေသည်ဟု ဒေသခံများက ဆိုသည်။

“ရဲတွေက ဖုန်းနံပါတ်ယူလာတယ် ဒီနံပါတ်က ဘယ်မှာနေတယ်၊ ဘယ်နေရာမှာ သုံးနေတယ်ဆိုကို တည်နေရာ လာရှာကြတာ၊ ပြည်သူတွေ သတိထားပြီး သုံးစွဲကြဘို့ပါ။ ဆင်းကဒ်တွေက အရမ်းမလုံခြုံပါဘူး” ဟု Mytel ရုံးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်များမှ ဆင်းကဒ်သုံးစွဲသူအချို့၏ တည်နေရာများကို လာရောက် တောင်းယူနေမှုကိုလည်း ရုံးဝန်ထမ်းအချို့က ရှာဖွေပေးနေရကြောင်း ဒေသခံများထံကသိရသည်။

ထို့ပြင် အင်္ဂပူမြို့နယ်နှင့် ထူးကြီးမြို့တွင် PDF များနှင့် ပတ်သက်ဆက်သွယ်မှု ရှိသည်ဟုဆိုကာ ဒေသခံအချိုကိုလည်း စစ်ကောင်စီတပ်များက မကြာခဏ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများကပြောသည်။

#အင်္ဂပူမြို့နယ် #Mytel #စစ်ကောင်စီတပ်ဖွဲ့ဝင် #ဖုန်းဆင်းကဒ် #တည်နေရာ #တောင်းယူနေ
#Ayeyarwaddy_Times