နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်

လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် အခြေအနေနှင့်အတူ နိုင်ငံရေး အခြေအနေများအရ ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်သေးဟု လေ့လာသူများက ထောက်ပြပြောဆို လျက်ရှိသော်လည်း အာဏာမက်မောလွန်းသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၎င်း၏ သမ္မတရူး ဇာတ်လမ်းကို ကကွက်အသစ်နှင့်ဆက်ကရန် ပြင်ဆင်လျက်ရှိသည်။

စစ်ခေါင်းဆောင် ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မယ်မယ်ရရ အကြောင်းပြချက်မရှိဘဲ အာဏာသိမ်းခဲ့သည့်အတွက် တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်ဖြစ်တည်နေသော နိုင်ငံတော်သမ္မတ အပါအဝင်အစိုးရ အဖွဲ့ကိုဖြုတ်ချ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ဥပဒေမဲ့ မတရား ရယူခဲ့သောကြောင့် အကြမ်းဖက် စစ်အုပ်စု ဖြစ်လာခဲ့သည်။

“(ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ချင်တဲ့ အရူးရောဂါဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်လာတယ်လို့ပဲ ဆိုရမှာပါ။ အနည်းငယ် ထောက်ပြရမယ်ဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း (၁၁)အရ အာဏာလွှဲပြောင်း ရယူခဲ့သည့်တိုင်အောင် လွှဲပြောင်းရယူခဲ့တဲ့ စစ်တပ်က ရွေးကောက်ပွဲကို ကမကထပြု ကျင်းပလို့ မရဘူးဆိုတာ သတိပြုဖို့ပါ” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများနှင့် ကြားဖြတ် ရွေးကောက်ပွဲများကို မဲများသူ အနိုင်ယူစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီကမူ အဆိုပါစနစ်ကို ပယ်ဖျက်၍ PR စနစ် ကျင့်သုံးကာ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းလာသည်။

ထို့အပြင် ယခင်ကတံဆိပ်တုံး ထုမဲပေးသည့် စနစ်အစား စက်ဖြင့် မဲပေးစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် လုပ်ဆောင် လာသည်ကို တွေ့ရသည်။

“(ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ကျင်းပပြီး သမ္မတလုပ်ဖို့ကို စိတ်ကူးယဉ်နေတာ။ (ဒုတိယဗိုလ်ချုပ်မှူးကြီး) စိုးဝင်းကကျတော့ တနိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးကြေညာပြီး ငြိမ်ဝပ်ပိပြားရေး လုပ်ချင်နေတာ။ ဒါပေမယ့် မင်းအောင်လှိုင်က လက်မခံဘဲ သူဖြစ်ချင်တဲ့ သမ္မတဇာတ်လမ်းကို ဇွတ်လုပ်နေတာ”ဟု နေပြည်တော်ရှိ စစ်ကောင်စီတပ်နှင့် နီးစပ်သည့် စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီမှခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အီလက်ထရောနစ် မဲပေးစနစ်သည် ပြည်တွင်းနည်းပညာရှင်များဖြင့် မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမှု ရှိစွာ ဖန်တီးဆောင်ရွက်ထားပြီး ပယ်မဲများနှင့် မဲမသမာမှုများ ရှိနိုင်တော့မည် မဟုတ် ကြောင်း ဆိုထားသည်။

ထို့ပြင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဆင် ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ခွင့် ကျပြီးသော နိုင်ငံရေးပါတီများအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အသီးသီးကို အီလက်ထရောနစ် မဲပေးစနစ် အကြောင်း နေ့စဉ်လိုလို လိုက်လံပြသ၍ စစ်ခေါင်းဆောင်အလိုကျ စည်းရုံးပြောဆိုခြင်း များ လုပ်ဆောင်နေရသည်။

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အစီရင်ခံစာများအရ နိုင်ငံပေါင်း (၃၄) နိုင်ငံတွင် အီလက် ထရောနစ်မဲပေးစနစ်ကို စမ်းသပ်၊ ပေါင်းစပ်ကျင့်သုံးနေပြီး အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ ကာဂျစ်စတန်၊ တောင်ကိုးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ အမေရိကန် စသည့်နိုင်ငံများသည် ထင်ရှားသော နိုင်ငံများဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများက အီလက်ထရောနစ် မဲပေးစနစ်ကို လက်ရှိကာလတွင် ကျင့်သုံး နေသည်ဆိုသော်ငြားလည်း မည်သည့်နိုင်ငံကမျှ ရာနှုန်းပြည့် လက်မခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် -NPLUF မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။

“ဘာကြောင့်လဲဆိုတော့ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေကို အဲဒီ e-voting system က အပြည့်အဝ အာမခံချက် မပေးနိုင်သေးတာပါ။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေက ဒီ System ကို ကျင့်သုံးနေကြတယ်ဆိုပေမယ့်လည်း ဆန့်ကျင်မှုတွေက ဒုနဲ့ဒေး ရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ” ဟု စောဘဦးလေးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က ရန်ကုန်မြို့၌ မှတ်ပုံတင်ခွင့်ကျပြီးသော နိုင်ငံရေးပါတီ ၃၆ ပါတီနှင့် တွေ့ဆုံ၍ အီလက်ထရောနစ်ဖြင့် မဲပေးသည့် မဲပေးစက် လက်တွေ့စမ်းသပ်သည့် သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါပွဲသို့ တက်ရောက် လာသော ပါတီခေါင်းဆောင်တစ်ဦးက မဲပေးစနစ်နှင့် ပတ်သက်၍ ပါတီများကို တိုင်ပင်ညှိနှိုင်းခြင်း မရှိသောကြောင့် စောဒကတက်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်အနေဖြင့် ၎င်းတို့ဖန်တီးထားသည့် မြန်မာအီလက်ထရောနစ်မဲပေး စက်သုံး အချိုးကျကိုယ်စားပြုစနစ်-PR ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုခြင်းသည် ၎င်းသမ္မတဖြစ်ရေးအတွက် လုပ်ဆောင်နေခြင်း သက်သက်သာဖြစ်ကြောင်း ဒီမိုကရေစီ အရေး ကြိုးပမ်းနေသည့် နိုင်ငံရေးအင်အားစုများက ဆိုကြသည်။

ထို့ပြင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၎င်းဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် နိုင်ငံတကာက လက်ခံမှုရရှိရေးနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ ပူးပေါင်းပါဝင်မှု ရရှိရန်တို့အတွက် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်သွားမည့် သဘောမျိုးရှိနေကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

နိုင်ငံရေးနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများအချို့က မဲလိမ်၊ မဲခိုးရန် အကောင်းဆုံး နည်းလမ်းတစ်ခုကို ပြဟုဆိုပါက အီလက်ထရောနစ် မဲပေးစနစ်( e-voting system) သာ ဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။

“မဲမသမာမှုဆိုတာ လူကြောင့်တင်မဟုတ်ဘူး၊ တခြားစက်ပစ္စည်းတွေနဲ့ မသမာမှု လုပ်မယ်ဆိုရင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲလိုမျိုးဟာတွေကို အကာအကွယ်ပေးဖို့အတွက်၊ မဖြစ်အောင်လုပ်ဖို့ အတွက် ဘာတွေစီစဉ်ထားလဲ။ အဲဒါတွေကတော့ မေးခွန်းတွေ အများကြီးရှိတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်၍ စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများရှိ အလှည့်ကျ ဝန်ကြီးဌာနအလိုက် Non CDM ဝန်ထမ်းများကို မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် မဲပေးနည်းကို စမ်းသပ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ကမ္ဘာမှာ နည်းပညာရဲ့ ဘိုးအေလို့ကို ကင်ပွန်းတပ်လို့ရတဲ့ ယူနိုက်တက်ကင်းဒန်း ကွန်မြူနတီမှာကိုက ဒီစနစ်ကို လက်ခံကျင့်သုံး နေပေမယ်လို့ ဒီစနစ်မှာ အားနည်းချက်တွေရှိနေတယ်။ ဒါကို သိပ်မဝေးတဲ့ကာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2023 New South Wales state election အပြီးမှာ အတိအလင်း ဝန်ခံထားတယ်။ အဓိကကတော့ စက်တွေရဲ့ Errors ပြဿနာပါပဲ” တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုထားသည်။

ထို့ကြောင့် ရွေးကောက်ပွဲကို နှစ်အနည်းငယ်သာ ဖြတ်သန်းခဲ့ကြရသည့် မြန်မာနိုင်ငံသားများအတွက် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံသာမကဘဲ နိုင်ငံ၏အခြေခံ အဆောက်အအုံနှင့် နည်းပညာဖွံ့ဖြိုးမှုများအပေါ်တွင်လည်း လိုအပ်ချက်များ ရှိသည်။

ထိုအတူ အခြားတစ်ဖက်တွင်လည်း သက်ဆိုင်သူများက ဒီမိုကရက်တစ် ကျင့်ဝတ်များအပေါ် လိုက်နာဆောင်ရွက်နိုင်မှုနှင့် ရွေးကောက်ပွဲကော်မရှင်များ၏ သမာဓိ ရှိမှု၊ ဘက်လိုက်ကင်းစင်မှုတို့ အပေါ်တွင် မေးခွန်းထုတ်စရာများစွာ ရှိနေသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် နိုင်ငံတော် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့ပြီးနောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ထပ်တလဲလဲ ပြောဆို နေသော်လည်း ၎င်းဦးဆောင်မည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိကြောင်း ပြည်တွင်းရှိ အင်အားကြီး နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာ အသိုင်းအဝိုင်း များက ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီက ကျင်းပမည့်ဆိုဆိုသည့် ရွေးကောက်ပွဲအပေါ် အငြင်းပွားမှုများ ရှိနေသည်ကို ဖြေရှင်းခြင်းမရှိဘဲ လက်ရှိအတိုင်း ဆောင်ရွက်မည်ဆိုပါက ရရှိလာသော ရလဒ်သည် အငြင်းပွားစရာပင်ဖြစ်ပြီး ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခသည်လည်း ပိုမိုတိုးလာနိုင်ဖွယ်ရာပင်ရှိကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

မြန်မာပြည်၏ အနာဂတ်သည် အကြောင်းအရာပေါင်းများစွာဖြင့် ရွှေလျားနေသော်လည်း စစ်ကောင်စီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်ကမူ စစ်ခေါင်းဆောင်၏ သမ္မတရူးဇာတ်လမ်းကို အီလက်ထရော နစ်မဲပေးစနစ်ဖြင့် ပုံဖော်ရန် ပြင်ဆင်နေမည်သာ ဖြစ်သည်။

#စစ်ခေါင်းဆောင် #သမ္မတရူးဇာတ်လမ်း #ပုံဖော်ရန်ပြင်ဆင် #ရွေးကောက်ပွဲကော်မရှင် #အီလက်ထရောနစ်မဲပေးစနစ် #သတင်းဆောင်းပါး #Ayeyarwaddy_Times