ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇန်နဝါရီလ ၈ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၇ နာရီဝန်းကျင်အချိန်က ပျူစောထီးခေါင်းဆောင်မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပ.က.ဖ) ဗိုလ်ကျောက်ခဲမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

တောကျွဲအင်းမြို့နယ်၊ ပျူစောထီးခေါင်းဆောင်မင်းအားဆိုသူအား ၎င်း၏စျေးဆိုင်အတွင်း၌ပင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်အားလာရောက်စုံစမ်းသည့် ရဲတပ်ဖွဲ့ကိုလည်း ‌တောကျွဲအင်းရဲစခန်း ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Bago Region PDFထံမှ သိရသည်။

“သူကတောကျွဲအင်းမြို့နယ်ရဲ့ပျူခေါင်းဆောင်၊ မြို့နယ်ထဲမှာဆိုရင် သူကစစ်ကောင်စီရဲ့ထောက်ပံ့‌ ပေးတဲ့ အဖွဲ့တွေဖွဲ့တယ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးတာ၊ သတင်းပေးတိုင်ကြားတာတွေရှိတယ်၊ သူကပျူစောထီးအဖွဲ့ရဲ့ခေါင်းဆောင်ဆိုတာ တိကျတဲ့သက်သေတွေရှာပြီးမှ သူ့ရဲ့လုပ်ရပ်တွေကိုသေချာစုံစမ်းပြီးမှ ကျွန်တော်တို့ရှင်းလင်းခဲ့တာပါ” ဟု ပဲခူးတိုင်းသတင်းပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒုရဲအုပ်ရန်နိုင်ဆိုသူမှာ လက်တစ်ဖက်ပြတ်ကျပြီး ရဲတပ်သားမောင်မြင့်မှာ လက်ချောင်းပြတ်ကျကာ ရဲတပ်သားနေဇော်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း သတိပဌာန်ရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်လှိုင်ဝင်းအား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း Bago Region PDFထံမှ သိရသည်။