ကိုကိုလေး/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်

အစိုးရဆိုတာ ကိုယ့်တိုင်းပြည်သူပြည်သားတွေ ဘေးကင်းလုံခြုံရေးနဲ့ ကြီးပွားတိုးတက်ရေးကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတွေဖြစ်ပါတယ်။ ဒီလို ကိုယ့်ပြည်သူ ဘေးကင်းလုံခြုံရေး တာဝန်ယူရမယ့်သူတွေက ကိုယ့်ပြည်သူ ကိုယ်ပြန်ဖမ်းပြီး ငွေညှစ်တဲ့အစိုးရမျိုး တွေ့ဖူးပါသလား။ မတွေ့ဖူးရင် စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို လာကြည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ဧရာဝတီတိုင်းမှာဆိုရင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ပြီး ဧရာဝတီတိုင်းက မြို့နယ်အသီးသီးမှာ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပါအဝင် လူပေါင်းထောင်နဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဖမ်းဆီးရာမှာ စစ်အာဏာသိမ်းချိန်ကြာလာတာနဲ့အမျှ ဖမ်းဆီးမှုတွေက ပိုများလာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေသာမက လမ်းမထက်မှာ သာမာန် သွားလာနေတဲ့ ပြည်သူတွေကိုပါ အပြစ်မရှိ၊ အပြစ်ရှာ ဖမ်းဆီးပြီး ငွေညှစ်မှုတွေကို အကြီးအကျယ် ပြုလုပ်လာခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မအူပင်မြို့မှာဆိုရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေအပါအဝင် လူ ၃၀၀ ကျော် အဖမ်းအဆီး ခံရတယ်။ ပြန်လည်လွတ်မြောက်တာက ၅၀ ဝန်းကျင်ပဲ ရှိတယ် တစ်ချို့အဖမ်းခံရတာတွေက ဘာမှမလုပ်တဲ့ ပြည်သူတွေပါ။ ငွေရှိတဲ့သူတွေကျတော့ ပိုက်ဆံပေးပြီးရင် ပြန်လွတ်ပေးတယ်။ စစ်ကောင်စီက ငွေညှစ်တဲ့ သဘောပေါ့။ ငွေရရင်ပီးရော အချုပ်ထဲထည့် ခြိမ်းခြောက်ပြီး ငွေညှစ်တာ။ ကိုယ်ပြည်သူကို ကိုယ်ပြန်ပီး ဒုက္ခပေးတာပေါ့ဗျာ။ စစ်ဆေးရင်း သေဆုံးခဲ့တဲ့ပြည်သူတွေတောင် ရှိခဲ့ပါတယ်”လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မအူပင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဝင်းဇော်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက လူတွေကို ဘယ်လိုဖမ်းသလဲ

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ မြို့အသီးသီးက အကြမ်းမဖက်တဲ့ လူထုဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလတွေမှာ အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခဲ့ပါတယ်။ လမ်းမပေါ်က ဆန္ဒပြပွဲတွေ ငြိမ်သက်သွားချိန်မှာတော့ မြို့အဝင်လမ်းတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ဂိတ်တွေချပြီးတော့ စစ်ဆေးရေး လုပ်ပါတော့တယ်။

ဒီလိုစစ်ဆေးရာမှာ ပြည်သူတယောက်ဖုန်းထဲမှာ ဆန္ဒပြပွဲပုံတွေ၊ တော်လှန်ရေးသီချင်းတွေ၊ တော်လှန်ရေးနဲ့ ဆိုင်တဲ့ဓာတ်ပုံတွေ၊ NLD ပါတီနဲ့ ပတ်သတ်တဲ့ပုံတွေသာမက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေ့တာနဲ့ အဲဒီလူကို ဖမ်းဆီးပြီး အချုပ်ထဲပို့တယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒေသခံရဲ့ဖုန်းထဲမှာရှိတဲ့ Facebook လူမှုကွန်ယက်အကောင့်မှာ နိုင်ငံရေးပို့စ်တွေ ရှယ်ထားတာ၊ စစ်ကောင်စီမကောင်းကြောင်း ရေးသားထားတာတွေ စိစစ်တွေ့ရှိတယ်ဆိုရင်လည်း အဲဒီလူကို တခါတည်း ဖမ်းဆီးသလို နာမည်ကြီး တော်လှန်ရေးသီချင်းဖြစ်တဲ့ အဆိုတော် မွန်းအောင်ရဲ့ “သွေးသစ္စာ”သီချင်း ဆိုတာနဲ့တင် ဖမ်းဆီးကာ ရဲစခန်းခေါ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျွန်မအမျိုးသားက မြို့ထဲသွားရင်း စစ်ဆေးရေးအဖွဲ့နဲ့တိုးတယ်။ သူ့ဖုန်းထဲမှာ တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ ပုံတွေ တွေ့လို့ဆိုပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ကိုဖမ်းသွားမှန်းလဲ မသိရဘူး။ စစ်ကြောရေးပို့တယ်ကြာလို့ အဲ့နေရာတွေ လိုက်မေးတော့ အင်းစိန်ထောင်ပို့လိုက်ပြီဆိုလို့ ထောင်လိုက်သွားတော့ တကယ်ပဲ အင်းစိန်ထောင်ကြီးချုပ်ထဲရောက်နေတယ်”လို့ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေအဆိုအရ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အိမ်တွေကို ညဘက်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်စစ်ပြီး ဖုန်းတွေကို စစ်ဆေးကာ ဖမ်းဆီးတာတွေ၊ စစ်တပ်သတင်းပေးဒလန်ဆိုသူတွေက တိုင်တန်းလို့ အိမ်တွေဆိုင်တွေကို ဝင်ဖမ်းပြီး တွေ့သမျှလူဖမ်းပြီး အချုပ်ထဲထည့်တာတွေ နိုင်ငံတဝှန်း အနှံ့အပြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဖမ်းပြီးရင် ဘယ်လို ငွေညှစ်သလဲ၊ ဘယ်လိုလာဘ်စားသလဲ

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ မေးမြန်းစုံစမ်းချက်တွေအရ မြို့တွေမှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ဒေသခံတွေကို နည်းလမ်းပေါင်းစုံနဲ့ အပြစ်ရှာဖမ်းဆီးပြီး အချုပ်ထဲထည့်ပါတယ်။

အချုပ်ထဲရောက်သူတွေကို သက်ဆိုင်ရာ မြို့နယ်တွေကို လုံခြုံရေးတာဝန်ယူထားတဲ့ စစ်တပ်အရာရှိတွေ၊ ရဲအရာရှိတွေက စစ်ဆေးရေးလုပ်ပါတယ်။ များသော အားဖြင့်တော့ စစ်တပ်က ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေက စစ်ဆေးရေးလုပ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“အချုပ်ထဲကလူတွေကို စစ်တပ်က အရာရှိတွေက စစ်ဆေးရေးလုပ်တယ်။ ပြီးရင် အချုပ်ထဲ ပြန်ထည့်တယ်။ အဲ့အချိန်မှာ အပြင်က မိသားစုကလည်း ကိုယ့်လူလွတ်ဖို့ ဘယ်ကိုကပ်ရမလဲ လိုက်စုံစမ်းကြတယ်။ စုံစမ်းလိုက်တာနဲ့ ကြားထဲကနေ ငွေလက်ခံပေးတဲ့ အေးဂျင့်လိုလူတွေဆီကို ညွှန်ကြတယ်။ နောက်တစ်ခုက ရဲတွေက အချုပ်သားကို သူ့အိမ်နဲ့ ဖုန်းပေးပြောပြီးတော့ ဘယ်သူ့ဆီကိုသွားပြီး ငွေဘယ်လောက် ပေးလိုက်ပါဆိုပြီး ပြောခိုင်းတာလည်း ရှိတယ်။ မိသားစုက သူတို့တောင်းတဲ့ ငွေကို အဲ့လူဆီပေးလိုက်တာနဲ့ အချုပ်ထဲကလူက နောက်နေ့လွတ်လာတာပဲ။ ကျွန်တော်တို့ မအူပင်မြို့မှာ အဲ့လိုနည်းနဲ့ လွတ်လာသူတွေ မနည်းဘူး။ အဲတော့ စစ်တပ်နဲ့ရဲတွေ လုပ်နေတာက ပြည်သူတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ ဒုစရိုက်ဂိုဏ်းလို လုပ်နေတာ”လို့ မအူပင်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ငွေညှစ်ရာမှာလည်း အချုပ်သားအပေါ် အမှုကပ်ထားတဲ့ပုဒ်မနဲ့ ငွေကြေးတတ်နိုင်မှု အပေါ်မူတည်ပြီး ငွေကျပ် ၅ သိန်း၊ ၁၀ သိန်းကနေ သိန်း ၅၀၊ သိန်း ၁၀၀ အထိ ပေးရတယ်လို့ ငွေပေးပြီး ပြန်လွတ်ခဲ့သူတွေက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ပြင်ဦးလွင်မှာ ဒလန်က သတင်းပေလို့ စစ်တပ်က အိမ်တစ်အိမ်က ရှိသမျှလူအကုန် ဖမ်းသွားတယ်။ ပြီးတော့ တယောက် ၁၀ သိန်းပေးပြီး ပြန်ရွေးခဲ့ရတယ်။ ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင် တစ်ယောက်ရဲ့သားကျတော့ နိုင်ငံရေးအမှုနဲ့အဖမ်းခံရပြီး ပြန်လွတ်ဖို့ကို သိန်း ၁၀၀ အထိ ပေးခဲ့ရတယ်။ စစ်တပ်နဲ့ရဲတွေက လူအပေါ်မူတည်ပြီး ငွေညှစ်တာ။ သူတို့တောင်းတဲ့ဈေးအတိုင်း ပေးရတယ်။ ဈေးဆစ်လို့ မရဘူး။ အပြင်က မိသားစုကလည်း ကိုယ့်လူလွတ်ရင်ပြီးရောဆိုပြီး ပေးကြတာပဲ”လို့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပြည်သူအပေါ် ငွေညှစ်တဲ့လုပ်ငန်းစဉ်မှာ ကြားလူအေးဂျင့်အဖြစ် ငွေလက်ခံပေးသူတွေဟာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ အရပ်သားတွေ၊ စစ်မှုထမ်းအငြိမ်းစားတွေ၊ အရပ်ထဲက အမှုပွဲစား လိုလူတွေ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

“စစ်တပ်နဲ့ရဲက လာဘ်လည်း စားချင်တယ်။ အထက်က သူတို့အဘတွေသိပြီး အရေးယူခံရမှာလည်း ကြောက်တယ်။ အဲတော့ သူတို့က အမှုစစ်တယ်၊ ငွေမတောင်းဘူး။ မိသားစုက ငွေပေးဖို့ လိုက်စုံစမ်းမှ ကြားလူဆီ လွှတ်တာ။ ကြားလူဆီ ပိုက်ဆံပေးတာဆိုတော့ အထက်ကမေးရင်လည်း ကျနော်တို့ ယူတာ မဟုတ်ဘူးလို့ ငြင်းလို့ရတယ်။ ကြားလူနဲ့ဆိုတော့ ပိုက်ဆံယူတဲ့ သက်သေလည်း မရှိဘူးလေ။ မယူဘူးလားဆိုတော့ ယူတယ်။ ယူသလားဆိုတော့ မယူဘူးဆိုတဲ့အကွက်နဲ့ လာဘ်စားနေတာ”လို့ မအူပင်ဒေသခံအမျိုးသားက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက နည်းမျိုးစုံနဲ့ ဖမ်းထားသူတွေထဲမျာ ကိုယ့်မိသားစုဝင်ငွေကို ငွေနဲ့ပြန်ရွေးပြီး အချုပ်ထဲက ပြန်ထုတ်နိုင်သူတွေ လွတ်မြောက်ကြပေမယ့် ငွေမပေးနိုင်သူတွေကတော့ ရဲတပ်ဖွဲ့က လက်ရှိ ရေပန်းစားနေတဲ့ နိုင်ငံရေးပုဒ်မ ၅၀၅ (က) နဲ့ တရားရုံးကိုတင်ပို့ပြီး တရားစွဲဆိုတာတွေ လုပ်ဆောင်ပါတယ်။

မတရား အဖမ်းခံရတာတောင် လူသိမခံရဲတဲ့ဘဝ

မြန်မာနိုင်ငံမှာ ကိုယ့်အဖေ၊ အမေ၊ ညီအစ်ကို မောင်နှစ်မတွေကို စစ်ကောင်စီက မတရား အပြစ်ရှာ ဖမ်းဆီးခံရတာတောင် လူသိရှင်ကြား မပြောရဲဘဲ တိုးတိုးတိတ်တိတ်နဲ့ ရဲနဲ့စစ်သားတွေကို လာဘ်ငွေပေးပြီး အချုပ်ထဲက ပြန်ခဲ့ရသူတွေ အမြောက်အမြားရှိနေပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ စုံစမ်းမှုအရ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို ထင်သလို ဖမ်းဆီးပြီးတဲ့နောက် ငွေညှစ်ဖို့အတွက် ကြိုးပမ်းတဲ့အခါမှာ ပထမဆုံး ကြိုးပမ်းတာကတော့ သတင်းမီဒီယာမှာ ဒီသတင်း မပါရေးဘဲ ဖြစ်ပါတယ်။

သူတို့ဖမ်းဆီးတဲ့ လူအရေ အတွက်တွေ၊ လူနာမည်တွေ သတင်းမီဒီယာမှာ မပါဖို့ အရင်ဆုံး ကြိုးပမ်းလေ့ရှိကြပြီး စစ်သားနဲ့ရဲတွေ ပြောလေ့ရှိတာတော့ “ဒီလိုနာမည်ပါရင် သူတို့ပြန်လွှတ်ပေးလို့ မရဘူး”ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းမီဒီယာတွေမှာ သတင်းမပါဖို့ တားဆီးကြတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့အများအပြားမှာ စစ်ကောင်စီက ဒေသခံတွေ အဖမ်းအဆီးခံရတဲ့သတင်းတွေ ထုတ်ဖော်ရေးသားတဲ့အခါ သက်ဆိုင်ရာ မိသားစုဝင်တွေက သတင်းဌာနရဲ့ မက်စင်ဂျာကနေ “ကျွန်တော်၊ ကျွန်မတို့အနေနဲ့ စစ်ကောင်စီဖမ်းထားတဲ့သူ ပြန်လွတ်ဖို့ ကြိုးစားနေလို့ သတင်းကို ပြန်ဖြုတ်ပေးပါ”ဆိုပြီး လာရောက်တောင်းဆိုကြပါတယ်။

ပြီးတဲ့အခါမှာတော့ စစ်တပ်နဲ့ရဲ တောင်းသမျှငွေပေး၊ “ငွေပေးခဲ့ရကြောင်းကို ဘယ်သူ့မှ မပြောပါဘူး”ဆိုတဲ့ ကတိတွေပေးပြီး ကိုယ့်မိဘဆွေမျိုးတွေကို အချုပ်ခန်းထဲက တိတ်တဆိတ် ပြန်ဆွဲထုတ်ခဲ့ရတဲ့ဖြစ်စဉ်တွေ အမြောက်အမြား ရှိခဲ့ကြောင်း ဧရာဝတီတိုင်းအတွင်းက ဒေသခံတွေက ပြောဆိုကြပါတယ်။

“ကျွန်တော့်မိတ်ဆွေတယောက် အပြင်သွားရင်း စစ်ဆေးရေးဂိတ်မှာ စစ်တပ်က သူ့ကို ဖမ်းလိုက်တယ်။ NLD ပါတီမှာ ပါလို့ဆိုပြီးဖမ်းတာ။ ၃ ရက်လောက်နေတော့ ပြန်လွတ်လာတယ်။ သူလွတ်ဖို့ စစ်တပ်ကို သိန်း ၃၀ ပေးလိုက်ရတယ်။ ဒါပေမယ့် သူတို့မိသားစုအကုန်လုံး အပြင်မှာ ဒီကိစ္စ ထုတ်မပြောရဲဘူး။ ထုတ်ပြောတာနဲ့ သူ့ကို ပြန်လာဖမ်းမှာစိုးလို့။ အဲတော့ သူပြန်လွတ်ဖို့ကို တပြားတချပ်မှ မပေးရပါဘူးဆိုပြီး အရပ်ထဲမှာ သတင်း လွှင့်ရတယ်။ အဲတော့ မြန်မာပြည်မှာက အပြစ်မရှိလည်း ဖမ်းတယ်။ ငွေပေးမှ ပြန်လွှတ်တယ်။ ပြီးရင် ငွေပေး ခဲ့တာတောင်မှ မပေးပါဘူးဆိုပြီး သတင်းလွှင့်ပေးရတဲ့အနေအထား ဖြစ်နေတယ်။ စစ်တပ်နဲ့ ရဲတွေ လုပ်နေတာက ကိုယ့်ပြည်သူတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်သလို လုပ်နေတာ”လို့ ပဲခူးတိုင်း (အနောက်ခြမ်း) က မြို့တစ်မြို့က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တိုင်းပြည်အာဏာ သိမ်းပိုက်ရယူထားတဲ့ စစ်တပ်နဲ့ သူ့လက်အောက်က ရဲတပ်ဖွဲ့က တရားစွဲ တင်တာမို့ သက်ဆိုင်ရာမြို့နယ်တရားရုံးတွေကလည်း နိုင်ငံရေးပုဒ်မ ၅၀၅ (က) ဆိုရင် လွှတ်ပေးရိုးမရှိဘဲ ထောင်ဒဏ်တွေ ချမှတ်နေတယ်လို့ တရားရေးအသိုင်းအဝိုင်းက ပြောပါတယ်။

မတရားအဖမ်းခံရသူတွေကို တရားရုံးက ဘယ်လိုစီရင်လဲ

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ထင်သလိုဖမ်းဆီးခဲ့သူတွေ၊ ငွေမပေးနိုင်လို့ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲခံရသူတွေကို မြို့နယ်ဥပဒေအရာရှိတွေနဲ့ သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက ကြားနာစစ်ဆေးပါတယ်။

ယခင်ကတည်းက အကျင့်ပျက်ခြစားမှုတွေ အမြောက်အမြားရှိနေတဲ့ ဥပဒေဌာနတွေနဲ့ တရားရေးဌာနတွေဟာ
စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ စစ်တပ်ကို လွန်ဆန်ရဲခြင်းမရှိဘဲ စစ်တပ်အလိုကျအတိုင်း ကြားနာ စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဧရာဝတီတိုင်းအတွင်းက ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စစ်တပ်နဲ့ ရဲတွေ ငွေညှစ်တာကို မပေးနိုင်သူတွေမှာ ကိုယ့်ဖုန်းထဲက ဓာတ်ပုံလေး ၁ ပုံ၊ တော်လှန်ရေး သီချင်း ၁ ပုဒ်၊ Facebook လူမှုကွန်ယက်ပေါ်မှာ တင်လိုက်၊ ရှယ်လိုက်မိတဲ့ ပို့စ်တစ်ခုနဲ့တင် ထောင်ဒဏ် ချမှတ်ခံရသူ အမြောက်အမြားရှိနေပါတယ်။

“စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာကတော့ မရေမတွက်နိုင်အောင်ကို များပြားခဲ့ပါတယ်။ အခုက စနစ်က ပျက်သွားပြီ။ စစ်တပ်ရဲ့လွှမ်းမိုးမှုက နေရာပေါင်းစုံတင်မက တရားစီရင်ရေးအပေါ်မှာပါ အပြည့်အ၀ လွှမ်းမိုးမှု ရှိနေတယ်။ တရားမျှတမှုဆိုတာ စစ်ကောင်စီရဲ့တရားရုံးတွေမှာ သွားရှာလို့မရတဲ့အခြေအနေ ဖြစ်နေပြီ”လို့ NUG အစိုးရ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ဧရာဝတီတိုင်းမ်ကို ရှင်းပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ကတော့ သြဂုတ်လ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၂၂၂၇ ဦး သေဆုံးခဲ့သလို စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရသူ ၁၅၁၆၁ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်အထိ အာဏာသိမ်း စစ်တပ်ဟာ လူပေါင်း ၁၂၀၆၇ ဦးဟာ အချုပ်ခန်း၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိမ်းသိမ်း အကျဉ်းချခံနေရတယ်လို့ ဆိုပါတယ်။

သို့သော် မြန်မာပြည်ဒေသအနှံ့အပြားက သတင်းရင်းမြစ်တွေကတော့ မြို့အသီးသီးမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူအရေအတွက်ဟာ AAPP စာရင်းထက် အရေအတွက် အဆပေါင်းများစွာ ပိုမိုများပြားတယ်လို့ ပြောဆိုကြပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးလက်အောက်မှာ ယိုင်နဲ့ခဲ့တဲ့ တရားရေးမဏ္ဍိုင်ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အပြီးတိုင် ပြိုလဲသွားခဲ့တယ်လို့ NUG အစိုးရ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

“စစ်ကောင်စီက ငွေညှစ်တဲ့ကိစ္စရပ်တွေမှာက ဈေးအမျိုးမျိုးသတ်မှတ်ပြီး ဈေးကွက်စီးပွားရေးပုံစံ ဖြစ်နေပြီ။ တရားစီရင်ရေး မဟုတ်တော့ဘူး။ တစ်ခါတစ်လေကျ တရားသူကြီးတွေထက် စစ်ဘက်ကအရာရှိတွေ ဒါမျိုးလုပ်တာပိုများတယ်။ တရားသူကြီးတွေက လုပ်ပိုင်ခွင့်ဘာမှမရှိတော့ဘူး။ နဂိုကတည်းက တရားသူကြီးချုပ် ဆိုတာက စစ်တပ်ဘက်က လက်ထောက်စစ်ဥပဒေချုပ်ကလာတာ။ တရားရုံးချုပ်အတွင်းဝန်ဆိုတာကလည်း စစ်တပ်ဘက်ကလာတာဆိုတော့ အာဏာမသိမ်းခင်ကတည်းက စစ်တပ်က အကြံအစဉ်နဲ့ကို ယူထားတာ။ အခုတော့ တရားရေးမဏ္ဍိုင်က ယိုင်နေရာကနေ ပြိုလဲတဲ့အဆင့် ရောက်သွားပြီ”လို့ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ပြောဆိုပါတယ်။