မင်းခ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
မစိုးစိုး (အမည်လွှဲ) တစ်ယောက် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးလာခဲ့ပြီး နှလုံးခုန်သံကိုပင် တဒိတ်ဒိတ် ပြန်ကြားနေရပါတယ်။
ခန္ဓာကိုယ်ကနေ ချွေးစေးတွေ ပြန်လာတာကြောင့် အိပ်ရာကနေထပြီး ရေအေး တစ်ခွက်သောက် လိုက်တယ်။ ဒီညလည်း အိပ်မက်ဆိုး တွေကြောင့် အိပ်ရေး ပျက်ရတော့မှာမို့ သက်ပြင်းတစ်ချက် ချလိုက်တယ်။
“အိပ်မက်ဆိုးတွေမက်လို့ အိပ်မပျော်တာ ၂ နှစ်ကျော်ပြီ။ အိပ်မက်ထဲ အမြဲအဖမ်းခံရတယ်။ ထွက်ပြေးလို့ အပစ်ခံရတယ်။ ဖုန်းစစ်လို့မိတာနဲ့ အိမ်ကိုဝင်ရှာလို့မိတာနဲ့။ အိပ်မက်က လန့်နိုးပြီးရင် တော်တော်နဲ့ ပြန်အိပ်မပျော်တော့ဘူး”လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ သတင်းထောက် မစိုးစိုး (အမည်လွှဲ) က ပြောပါတယ်။
မစိုးစိုးဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းမှာ ပုန်းကွယ်နေထိုင်ရင်း စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်နေမှုတွေကို ဖော်ထုတ်ရေးသားနေတဲ့ အမျိုးသမီးသတင်းထောက် တစ်ဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကောင်းကြောင်းရေးသားလော်ဘီလုပ်တဲ့ သတင်းသမားအမည်ခံ စစ်တပ် ထောက်ခံသူတွေကို ပြည်တွင်းမှာလွတ်လပ်စွာအလုပ်လုပ်ခွင့်ပေးထားပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာပြည် တွင်းက အခြေအနေမှန်တွေကို ဖော်ထုတ်ရေးသားနေတဲ့ လွတ်လပ်တဲ့ သတင်းသမားတွေကို ရန်သူလို သဘောထားသူတွေ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီက လွတ်လပ်တဲ့သတင်းမီဒီယာတွေအတွက် အလုပ်လုပ်နေကြတဲ့ မြန်မာပြည် တွင်းက သတင်းထောက်တွေကို လိုက်လံဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခြင်း၊ ထောင်သွင်းအကျဥ်းချခြင်းနဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းတွေကို တောက်လျှောက် ပြုလုပ်ခဲ့ပါတယ်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့စာရင်းတွေအရ စစ် တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ယခုနှစ် သြဂုတ်လအထိ အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာသတင်းသမား ၉ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းသမားပေါင်း ၁၀၂ ဦးကို ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံက အကျဥ်းထောင်အသီးသီးမှာ သတင်းသမား ၅၂ ဦးကို ထောင်သွင်း အကျဥ်းချထားဆဲ ဖြစ်ပါတယ်။
သတင်းထောက်အလုပ်ကို ရာဇ၀တ်မှုလို သဘောထားတဲ့ အာဏာသိမ်းစစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခုလို ဖမ်းဆီးအကျဥ်းချ သတ်ဖြတ်မှုတွေက မြေပြင်မှာပုန်းကွယ်နေထိုင်ရင်း အလုပ်လုပ်နေကြတဲ့ မြန်မာသတင်းသမားတွေအပေါ် အမြဲခြိမ်းခြောက်နေပါတယ်။
“ကိုယ့်ကို သတင်းသမားမှန်းသိတာနဲ့ စစ်ကောင်စီက ကျိန်းသေဖမ်းမယ်၊ နှိပ်စက်မယ်၊ ထောင်ချ မယ်ဆိုတဲ့ အတွေးက အမြဲနှိပ်စက်နေတယ်။ အဲ့ဒါကြီးက ညဘက်အိပ်မက်တွေထဲအထိပါ လိုက်ဒုက္ခ ပေးနေတာပေါ့။ တဖက်ကလည်း ငါတို့ပြည်သူတွေအတွက် ဒီအချိန်မှာ ကြိုးစားပြီး အလုပ်လုပ်ရမယ် ဆိုတဲ့စိတ်နဲ့ အားတင်းပြီးလုပ်နေဖြစ်ပါတယ်”လို့ သတင်းထောက် မစိုးစိုးက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူလူထုကို စစ်တပ်က ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်တဲ့အနိဌာရုံမြင်ကွင်းတွေ၊ ဘ၀တူသတင်းသမားတွေ ဖမ်းဆီးခံခဲ့ရမှု၊ နှိပ်စက် အကျဥ်းချ ခံရမှုသတင်းအကြောင်းအရာတွေဟာလည်း မြန်မာသတင်းသမားတွေအပေါ် စိတ်ဒဏ်ရာ တွေ ဖြစ်စေခဲ့ပါတယ်။
“ဆန္ဒပြသတင်းလိုက်ယူတုန်းက အချုပ်ကားရပ်လိုက်တယ်။ ပြီးတော့ ကားထဲကစစ်သားတွေ ခုန်ဆင်းလာပြီး သေနတ်နဲ့ လိုက်ပစ်တာ။ ကိုယ့်ဘေးကလူတွေ ကျည်ထိပြီး လဲကျကုန်တာ။ ဘာမှလည်းမကူနိုင်ဘဲ ပစ်ထားခဲ့ရပြီး ကိုယ့်အသက်ခန္ဓာမြဲအောင်ပြေးခဲ့ရတာတွေက အမြဲအိပ်မက်ထဲခြောက်နေတယ်။ လမ်းသွားလို့ အချုပ်ကားမြင်ရင် တုန်တက်သွားအောင်လန့်နေတုန်းပဲ” လို့ လုပ်သက် ၁၀ နှစ်ဝန်းကျင်ရှိတဲ့ ရန်ကုန်မြို့က အမျိုးသမီးသတင်းထောက် မထွေးညို(အမည်လွှဲ)က ပြောပါတယ်။
၂၀၂၁ ခုနှစ် မတ်လမှာ မြိတ်မြို့ကသတင်းတွေကို ထုတ်လွှင့်တင်ဆက်နေတဲ့ DVB သတင်းဌာနက အယ်ဒီတာ ကိုအောင်ကျော်ရဲ့နေအိမ်ကို စစ်သားနဲ့ရဲတွေက အင်အားအလုံးအရင်းနဲ့ ၀င်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို သတင်းသမား ကိုအောင်ကျော်က DVB သတင်းဌာနမှာ သူအဖမ်းမခံမီ နောက်ဆုံးအချိန်အထိ တိုက်ရိုက် Live ထုတ်လွှင့် ပြသခဲ့လို့ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ ထိတ်လန့်တုန်လှုပ်စွာ မြင်တွေ့ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြည်တွင်းက မြန်မာသတင်းသမားတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ် ခဲ့သလို ကိုအောင်ကျော်လိုမျိုး အချိန်မရွေးအိမ်မှာလာဖမ်းတာ ခံရနိုင်တယ်ဆိုတဲ့အတွေးက သူတို့အပေါ် ကို အခုချိန်ထိ ခြောက်လှန့် နေဆဲဖြစ်ပါတယ်။
“ကိုအောင်ကျော်အဖမ်းခံရတဲ့ Live ဗီဒီယိုကြည့်ခဲ့ရတော့ ငါ့ကိုလည်း အဲ့လိုလာဖမ်းခဲ့ရင်ဆိုတဲ့အတွေးက ဖျောက်မရတော့တာ အခုထိပဲ။ အခုချိန်အထိ ညပိုင်းအိမ်ရှေ့က ကားတစ်စီးဖြတ်သွားတာနဲ့ လူကလန့်နေပြီ။ ငါ့ကိုများ လာဖမ်းတာလားဆိုပြီး အမြဲစိုးရိမ်စိတ်နဲ့ နေနေရတယ်”လို့ မွန်ပြည်နယ်က သတင်းထောက် အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မြန်မာသတင်းသမားတွေကို တိုင်းပြည်ကိုဆူပူအောင်လံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ (ခ)။ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ပါ တရားစွဲဆိုဖိနှိပ်သလို တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ ညီမျှတဲ့ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်အပြစ်ပေးမှုတွေ လုပ်ခဲ့ပါတယ်။
“စစ်ကောင်စီက နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ သူတို့ အဓိက ပစ်မှတ်ထားတာက သတင်းသမားတွေကိုဗျ။ ဘာလို့လည်းဆိုတော့ သတင်းသမားတွေကပဲ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အမှန်အတိုင်းရေးသားဖော်ထုတ်နေကြတာမို့လို့ပါ။ ပြည်တွင်းက သတင်းသမားတွေအားလုံးဟာ လုံခြုံရေးအရ အစိုးရိမ်ရဆုံးအခြေအနေပါ။ စိတ်ပိုင်း ဆိုင်ရာ မလုံခြုံမှုရော စိုးရိမ်မှုတွေ အမြင့်ဆုံးလို့ ပြောချင်ပါတယ်” လို့ လုပ်သက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ သတင်းစာဆရာ ကိုအဂ္ဂ(အမည်လွှဲ)က ပြောပါတယ်။
စစ်ကောင်စီဟာ သတင်းသမားတွေကို ဖမ်းမိတဲ့အခါ အခြားသော နိုင်ငံရေးအကျဥ်းသားများနည်းတူ စစ်ကြောရေးမှာ ရက်စက်စွာ နှိပ်စက်လေ့ရှိပါတယ်။ သတင်းစာလိပ်ထားတဲ့တုတ်နဲ့ ဦးခေါင်းကို ရိုက်နှက်တာ၊ ထိုင်ခုံပေါ်နာရီပေါင်းများစွာ ထိုင်ခိုင်းတာ၊ ရက်ပေါင်းများစွာ အစာမကျွေး ရေမတိုက်ဘဲထားတာ၊ အိပ်စက်ခွင့် အနားယူခွင့်မပေးဘဲ ၂၄ နာရီပတ်လုံး မေးခွန်းတွေ မေးမြန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကြောရေးစခန်းက ပြန်လွတ်လာတဲ့သတင်းသမားတွေက ပြောပါတယ်။
အဲ့ဒီလို ရက်စက်စွာနှိပ်စက်ခံခဲ့ရတဲ့သတင်းသမားတွေဟာ နှစ်နဲ့ချီကြာသည့်တိုင်အောင် အဆိုပါ အတိတ်ဆိုးရဲ့ ခြောက်လှန့်နှိပ်စက်မှုတွေကို ရုပ်ပိုင်းရော၊ စိတ်ပိုင်းမှာပါ ခံစားကြရပါတယ်။
“ကျွန်တော့်တုန်းကဆိုရင် သတင်းစာတွေကိုအထပ်ထပ်ကျစ်နေအောင်လိပ်ထားတဲ့တုတ်နဲ့ ခေါင်းကို အချက်ပေါင်းများစွာရိုက်တာ နှာခေါင်းထဲက သွေးတွေအတောင့်လိုက် ထွက်ကျတယ်။ စစ်ကြောရေးမှာ ရေလုံး၀မတိုက်လို့ အိမ်သာတက်ချိန်မှာ အိမ်သာဘေးက ညစ်ပတ်နေတဲ့ရေကန်ထဲကရေကို အငမ်းမရ သောက်ခဲ့ရတယ်။ ထောင်ကပြန်လွတ်ချိန်မှာ အဲ့ကနေရခဲ့တဲ့ဒဏ်ရာတွေက အခုထိ ဆေးကုနေရသလို စိတ်ဒဏ်ရာတွေကလည်း ခုထိခံစားနေရတုန်းပဲ”လို့ ၂ နှစ်ကျော် အကျဥ်းချခံခဲ့ရတဲ့ ဧရာ၀တီတိုင်းမ် သတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ကိုသန်းထိုက်အောင်က ပြောပါတယ်။
ကိုသန်းထိုက်အောင်နည်းတူ မန္တလေးတိုင်းက သတင်းသမား ကိုအလင်းရောင် (အမည်လွှဲ) ဟာလည်း စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ ရက်စက်စွာနှိပ်စက်ခံခဲ့ရသူ ဖြစ်ပါတယ်။
“စစ်ကြောရေးမှာ ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရတယ်။ ထောင်ကိုရောက်တာတောင် စစ်ကြောရေးကို ဒုတိယ အကြိမ်ပြန်ခေါ်ပြီး နှိပ်စက်တာခံခဲ့ရတယ်။ အဲ့အဖြစ်အပျက်တွေက အိပ်နေရင်း ခေါင်းထဲမှာ ခဏခဏ ပြန်ပြန်မြင်ပြီးတော့ လန့်လန့်နိုးတယ်။ လန့်နိုးလာတိုင်း နှလုံးတွေ တအားခုန်တယ်။ ပြန်အိပ်မရဘူး။ ခဏခဏ အိပ်မက်ဆိုးတွေ၊ စစ်ကြောရေးကဟာတွေ ပြန်ပြန်မက်တယ်။ ထောင်က လွတ်ကလည်းက အခုချိန်အထိ ကောင်းကောင်းကို အိပ်မပျော်ဘူး”လို့ ကိုအလင်းရောင်က သူကြုံတွေ့ ခံစားနေရတာကို ပြောပြပါတယ်။
စစ်ကောင်စီဟာ သူ့ကို စစ်ကြောရေးမှာ နှိပ်စက်၊ ထောင်သွင်းအကျဥ်းချ ဖိနှိပ်ရုံတင်မက ထောင်က လွတ်တဲ့နောက်မှာလည်း သူ့နေအိမ်ကို မကြာခဏလာရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်တဲ့အတွက် မိသားစုကိုခေါ်ပြီး အိမ်ကနေ ထွက်ပြေးနေရတယ်လို့ သတင်းသမား ကိုအလင်းရောင်က ပြောပါတယ်။
“ဒီကာလအတွင်းမှာ ပြည်တွင်းမှာကျန်ရှိနေတဲ့ သတင်းသမားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြီးကြီးမားမားခံစားနေရ တယ်ဆိုတာတော့ သေချာပါတယ်။ သာမန်အရပ်သားတွေတောင်မှ ဒီလောက်တောင် ခြိမ်းခြောက်ခံနေတယ်ဆိုရင်တော့ သတင်းသမားတွေဆိုရင် ပိုဆိုးတဲ့ ခြိမ်းခြောက် မှုမျိုး ဖိစီးမှုမျိုးက သေချာတာပေါ့နော်”လို့ လွတ်လပ်သောမြန်မာသတင်း မီဒီယာကောင်စီ(IPCM) ဒုဥက္ကဌ ဦးကိုကိုဇော်က ပြောပါတယ်။
ပြည်တွင်းက သတင်းသမားတွေအတွက် ပြည်ပအဖွဲ့အစည်းတွေအနေနဲ့ ကျန်းမာရေးအတွက်နဲ့ အရေးပေါ် ရှောင်တိမ်းရချိန်မှာ လိုအပ်တဲ့ငွေကြေးအကူအညီတွေထောက်ပံ့ပေးနိုင်ဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။
သတင်းသမားတွေအနေနဲ့ စိတ်ဒဏ်ရာတွေ သက်သာပျောက်ကင်းဖို့အတွက် အားလပ်ချိန်မှာ ကိုယ်၀ါသနာပါတဲ့ ပျော်ရွှင်စေမယ့်အရာတွေလုပ်ဆောင်တာ၊ ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းတာနဲ့ စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေ အကူအညီရယူတာတွေ လုပ်ဆောင်သင့်ကြောင်း စိတ်ရောဂါ အထူးကုဆရာ၀န် ဒေါက်တာလင်းလူက အကြံပြုပြောဆိုပါတယ်။
“အနိဌာရုံတွေကတော့ သတင်းသမားတွေအတွက် တော်တော် ကို ခက်ခဲတဲ့ အခြေအနေလို့ ပြောရမှာပဲ။ စိတ်မကောင်းစရာတွေမြင်ပြီးရင် စိတ်ထဲက အလွယ်တကူ ပျောက်မသွားတတ်ဘူး။ သတင်း သမားတွေကျတော့ အဲဒါတွေ မကြည့်လို့ မရတော့ အဲလိုကိစ္စမျိုးတွေ ကြုံရနိုင်တယ်။ အဓိက ကတော့ Self Care ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ သဘောသဘာဝကို သေချာလေး နားလည်ဖို့၊ အကယ်၍ လိုအပ်ရင်လည်း စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေယူဖို့၊ အားလပ်ချိန်တွေကို Enjoy ဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်စေမယ့် အရာမျိုးတွေပိုလုပ်ပေးဖို့၊ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပိုပေးဖို့လိုပါတယ်”လို့ ဒေါက်တာလင်းလူက ပြောပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းတာ ၄ နှစ်နီးပါး ရှိပါပြီ။ ဒီကာလအတွင်းမှာ မြန်မာ သတင်းသမားတွေဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခမျိုးစုံကို ခါးစည်းခံရင်း မြန်မာပြည်သူတွေ သတင်းမှန်သိနိုင်ဖို့ အမြဲကြိုးစား နေကြသလို ရှေ့ဆက်ပြီးတော့လည်း ကြိုးပမ်းနေကြဦးမှာ ဖြစ်ပါတယ်။
#မြန်မာသတင်းသမားများ #အိပ်မက်ဆိုးဖြင့်နိုးထရသောညများ #သတင်းဆောင်းပါး #Ayeyarwaddy_Times