ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ ခရမ်းမြို့နယ်၊ ရိုးကြီးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဆိုသူဖြစ်ပြီး ကွမ်းယာဝယ်နေတုန်း အမည်မသိလက်နက် ကိုင်၂ ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတဦးကပြောပါတယ်။
” ရိုးကြီးရွာအုပ်ကြီး သန်းဌေး ပစ်သတ်ခံရတာပါ။သူ စစ်သင်တန်းလည်းဆင်းပြီးသား၊ ပျူစောထီးပေါ့။ ကွမ်းဝယ်နေတုန်း ပစ်ခံရတာ ၄၊ ၅ ချက်လောက်ရှိတယ်။ပွဲချင်းပြီးသေတာ။ အဲ့ဒီရွာက ဒီအုပ်ကြီးရဲ့ရှေ့ကအုပ်ကြီးလည်း ပစ်သတ်ခံရတာ၊ သူကဒုတိယမြောက် ” လို့ ခရမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပစ်သတ်ခံရပြီးတဲ့နောက်မှာ အရေးပေါ်ကယ်ဆယ်ရေးကားတွေရောက်ရှိလာပြီး အလောင်းကိုလာရောက်သယ်ဆောင်သွားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလည်း ရိုးကြီးရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိုးကျော် ပစ်သတ်ခံခဲ့ရလို့ လစ်လပ်နေတဲ့အုပ်ချုပ်ရေးမှူးနေရာမှာ စစ်ကောင်စီက ဦးသန်းဌေးကိုခန့်အပ်ခဲ့ပြီး ၁ နှစ်နီးပါးအကြာမှာ ထပ်မံပြီးအသတ်ခံခဲ့ရတာလို့ဒေသခံတွေဆီကသိရပါတယ်။
ခရမ်းမြို့နယ်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်အုပ်စုထောက်တိုင်တွေမကြာခဏဆိုသလိုသတ်ဖြတ်ခံနေရလို့ ဆိုင်ကယ်စီးနင်းခွင့်ပိတ်သိမ်းခံထားရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။
#ခရမ်း #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times