မတူပီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိ
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာလ ၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ ခရိုင်ရုံးနှင့် ငလိုင်ကျေးရွာကြားတွင် စက်တင်ဘာလ ၂၉ ရက်နေ့၊ ညနေ (၆)နာရီခွဲအချိန်ခန့်က CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းCDF-Matupiက အောက်တိုဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မတူပီမြို့နယ်၊ ငလိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF-Matupiတို့ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CDF-Matupiဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ပြီး တိုက်ပွဲပြင်းထန်နေပါတယ်။ အခုလည်း စစ်ရေးတင်းမာနေတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပါတယ်။ စစ်ကောင်စီတပ်တွေက ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်မှာ ထိုးစစ်ဆင်လာတဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ ညဘက်မှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်”ဟု CDF-Matupi ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့၊ ဟားခါး-မတူပီလမ်း၊ ခရိုင်ရုံးအနီးတွင် စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် CDF-Matupiဘက် ရဲဘော် ၁ ဦး ကျဆုံးသလို စစ်ကောင်စီတပ်ဘက်က စုစုပေါင်း ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းCDF-Matupi၏ ထုတ်ပြန်ချက်အရ သိရသည်။
#မတူပီ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times