
၁ ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦး အလင်းဝင်ပြီး ဗိုလ်မှူးအဆင့် ၁ ဦးအဖမ်းခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဘက်က အရာရှိအဆင့်အပါဝင် စုစုပေါင်း စစ်ကောင်စီတပ်သား ၅၀ ဦး ၁ ရက်အတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေထံအလင်းဝင်းခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးကိုတော့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်တွင်းသတင်းတွေအရ သိရပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေထဲက စစ်ကောင်စီတပ်သား ၃၈ ဦးဟာ ရက္ခိုင့်တပ်တော် အေအေထံ လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
“ ဒါက အသက်ရှင်သန်နိုင်ဖို့ တစ်ခုထဲသောနည်းလမ်းပဲလေး ဆက်နေမယ်ဆိုရင် ခုမသေလဲ နောက်လာ တိုက်ခံရရင် သေမှာပဲ အရင်လို စစ်ကူးမပေးနိုင်တော့တာလည်း သူတို့သိနေပြီလေ အဲ့တော့ ဒီနည်းလမ်းကို ရွေးချယ်တာဖြစ်မယ်”လို့ ရဲအရာရှိဟောင်းတဦးက ပြောပါတယ်။
အလားတူ ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်ဌာနချုပ်က ဆေးမှူး ဗိုလ်ကြီး ၁ ဦးအပါဝင် စစ်ကောင်စီတပ်သား ၁၂ ဦး လက်နက်တွေနဲ့ အတူ ထွက်ပြေးသွားတယ်လို့ ပြည်တွင်းသတင်းတွေရဲ့ ရေးသားဖော်ပြမှုအရသိရပါတယ်။
ဒါ့ပြင် ကရင်ပြည်နယ်၊ ကြာခင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးကို ပစ္စတို သေနတ် ၁ လက်နဲ့ စကားပြောစက်တွေနဲ့ အတူဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။