ဓာတ်ပုံ - သီလဝါဆိပ်ကမ်းရှိ ဆူဇူကီးကုမ္ပဏီထုတ်မော်တာကားများအား မြင်တွေ့ရစဥ်။

မင်းခ/ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဇူလိုင် ၁ ရက်

စစ်အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်ကာလအတွင်း ပြည်တွင်းမော်တော်ကားစျေးကွက်မှာ မော်တော်ကားစျေးနှုန်းမှာ ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ ဝန်းကျင် စျေးတက်နေတယ်လို့ ရန်ကုန်မြို့ခံကားပွဲစားများထံမှ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့နှစ် နှစ်လည်ပိုင်းကတည်းက အာဏာသိမ်းစစ်ကောင်စီက ပြည်ပမှ မော်တော်ကားတင်သွင့်ခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမော်တော်စျေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ရန်ကုန်မြို့ခံ ကားပွဲစားအချို့က ဆိုပါတယ်။

” ပြီးခဲ့တဲ့နှစ် ၈ လပိုင်းထင်တယ်ဗျ။ နိုင်ငံခြားက ကားတင်သွင်းခွင့်တွေပိတ်လိုက်တာ။ အဲ့နောက်ပိုင်းကတည်းက စျေးတွေတက်ကုန်တာ။ ခုလက်ရှိဆို သိန်း ၅၀ နဲ့ ၁၀၀ ကြား တက်သွားတယ်။ အရင်က Probox ကို ၁၈၀ လောက် စျေးပေါက်တယ်။ ခုက ၂၃၀ ၂၅၀ အထိရှိနေတယ်”လို့ ရန်ကုန်မြို့ခံ ကားပွဲစားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယင်းကဲ့သို့ ပြည်တွင်းကားစျေးကွက်၌ စျေးတက်နေသော်လည်း ဝယ်ယူသူအများအပြားရှိနေတယ်လို့ ကားပွဲစားအချို့က ဆိုပါတယ်။

” စျေးတက်လို့ ဝယ်တဲ့သူမရှိဘူး မထင်နဲ့။ မြန်မာကျပ်ငွေစျေးက တနေ့နေ့ကျနေတာဆိုတော့။ လက်ထဲကိုင်ထားရင် ရှုံးမှာစိုးတော့ ကားပဲလိုက်ဝယ်နေကြတာ။ အဲ့လို အဝယ်များနေလို့လည်း ကားစျေးက ထိုးတက်နေတာ” လို့ ရန်ကုန်မြို့ခံ အငှားယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ သီလဝါဆိပ်ကမ်းတွင် ပြည်ပမှတင်သွင်းထားသော ကားအစီးရေ ၁ သိန်းနီးပါးရှိနေသော်လည်း တရားဝင်လိုင်စင်ဖြင့် ပြန်လည်ရောင်းချခွင့်မရှိသေးတာကြောင့် မော်တော်ကားအရောင်းစင်တာအများစု အခက်တွေ့နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဝန်ကြီးဌာနများမှ သိမ်းဆည်းထားသော မော်တော်ကား အစီး ၆၀၀၀ အား လေလံပစ်မည်ဟုဆိုသော်လည်း အဆိုပါလေလံတင်ရောင်းချမှုမှာ ကားစျေးကွက်အပေါ် သက်ရောက်မှုရှိန်ိုင်မှာမဟုတ်ပဲ မော်တော်ကားစျေးဆက်တက်နိုင်တယ်လို့ ပြည်တွင်းမော်တော်ကားစျေးကွက်အပေါ် လေ့လာနေသူအချို့က သုံးသပ်ထားပါတယ်။

” ကားစျေးတက်တယ်ဆိုတာက ပြည်ပက လွတ်လွတ်လပ်လပ်တင်သွင်းခွင့်မရှိဘူး။ ကျပ်ငွေတန်ဖိုးကျနေတော့ ကားအဝယ်များကြတယ်။ ဒါပါပဲ။ စစ်ကောင်စီက လေလံအစီး ၆၀၀၀ ခေါ်ပေမယ့် ကားစျေးကတော့ ကျမှာမဟုတ်ဘူး။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အရင်စစ်အစိုးရလက်ထက်က ကားတစ်စီး သိန်းထောင်ချီပေးရတဲ့အခြေအနေ ပြန်ရောက်သွားနိုင်တယ်” လို့ ပြည်တွင်းမော်တော်ကားစျေးကွက်အပေါ် လေ့လာနေသူတစ်ဦးက သုံးသပ်ထားပါတယ်။