ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲ ရှစ်လနီးပါးထဲ ရောက်ရှိလာချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်အပေါ် နောက်ထပ် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်မှုတွေ ပြန်စတင်ခဲ့ရင် ပါရှားပင်လယ်ကွေ့ရှိ ပင်လယ်အောက် ဆက်သွယ်ရေး ကေဘယ်ကြိုးတွေကို တိုက်ခိုက်ဖို့ စီမံချက်တွေ ရေးဆွဲထားကြောင်း အီရန် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲတစ်ခုအတွင်း ဒေါ်နယ်ထရမ့်က အီရန်အပေါ် နောက်ထပ် စစ်ဆင်ရေးတစ်ခု ပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

စစ်ပွဲ မည်မျှကြာမြင့်မည်ဆိုတာ အာမခံချက် မရှိသေးသလို အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခ ပိုမိုကျယ်ပြန့်လာရင် ရေနံဈေးနှုန်းတွေ မြင့်တက်လာနိုင်ပြီး စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

ပြင်သစ်၊ တူရကီ အပါအဝင် အခြား နိုင်ငံတကာမှ နိုင်ငံခြားရေးဝန်ကြီးတွေက အီရန်အပေါ် နောက်ထပ် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်ခြင်းဟာ စစ်ပွဲကို ပိုမို ကျယ်ပြန့်စေနိုင်တာကြောင့် သံတမန်ရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ သတိပေးထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ စစ်ရေးအရ ပြန်လည်တိုက်ခိုက်လာရင် ဟော်မုဇ်ရေလက်ကြားရှိ အင်တာနက် ကေဘယ်ကြိုး ၇ လိုင်းအပါအဝင် နည်းပညာနဲ့ ဒေတာစင်တာတွေကို ပစ်မှတ်ထားမယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

ပင်လယ်အောက် ကေဘယ်ကြိုးတွေ ပျက်စီးပါက ကမ္ဘာ့အင်တာနက် ဆက်သွယ်ရေး၊ ဘဏ္ဍာရေး အပြောင်းအလဲတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အီရန်ရဲ့ ခြိမ်းခြောက်မှုဟာ ပင်လယ်ကွေ့ ဒေသတွင်း နည်းပညာ မြှုပ်နှံထားတဲ့ အမေရိကန် ကုမ္ပဏီတွေနဲ့ ဒေသတွင်း အစိုးရတွေကို ဖိအားပေးဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ အကဲခတ်သူတွေက ဆိုပါတယ်။

News & Photo: Reuters
Ref; Trump warns Iran as Tehran threatens Gulf internet cables