ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်ရပ်ကွက်ကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

မကွေးလေတပ်မှ တက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ ဂျက်ဖိုက်တာ နှစ်စီးသည် ယမန်နေ့ အောက်တိုဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ ကန်ပက်လက်လမ်းခွဲ အနီးဝန်းကျင်သို့ ပေါင် ၃၀၀ ဗုံးသီး ရှစ်လုံးထက်မနည်း ပစ်ခတ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာ နှစ်စီးက ပေါင် ၃၀၀ ဗုံးသီး ရှစ်လုံးလောက်နဲ့ ကန်ပက်လက်လမ်းခွဲအနီးဝန်းကျင်ကို ဗုံးကြဲချသွားတာပါ။ အနီးအနားမှာရှိတဲ့ နေအိမ်တွေ အတော်လေး ပျက်စီးသွားတယ်” ဟု မင်းတပ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်လမ်းခွဲအနီးရှိ ပြည်သူ့နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သား အမျိုးသမီးတစ်ဦးမှာလည်း ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ရွေးတုအစိုးရ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ရက်ဆက် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကလည်း မင်းတပ်မြို့အနီးသို့ ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာ သုံးစီး၊ Y-12 ထောက်ပံ့ရေးလေယာဉ် တစ်စီးတို့ဖြင့် ဗုံးအလုံးရေ ၃၀ ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် အောက်တိုဘာ ၂၂ ရက်ကလည်း မင်းတပ်မြို့ အနောက်ဘက် ၉ မိုင်နှင့် ၁၀ မိုင်ဝန်းကျင်သို့ စစ်လေယာဉ် ခြောက်စီးဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပုံစာ-မင်းတပ်မြို့ အနောက်ရပ်ကွက်ကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။