ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း လမ်းဆုံဂိတ် အကြီးအကဲဖြစ်သူ ဗိုလ်မှူးသန်းနိုင်ထံသို့ အသက် ၂၀ နှစ်ဝန်းကျင် လူငယ်တစ်ဦးရောက်ရှိလာပြီး စစ်တပ်ထဲ သို့ ဝင်ရောက်လိုကြောင်း ပြောဆိုကာ ငွေကျပ် (၂၀) သိန်း လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့က ကြက်သွန်ကွင်း လမ်းဆုံဂိတ်သို့ အဆိုပါ လူငယ်ရောက်ရှိလာပြီး စစ်တပ်ထဲ ဝင်ရောက်ချင်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြောဆိုလာသဖြင့် ဂိတ်အကြီးအကဲ ဗိုလ်မှူးသန်းနိုင်က ၎င်းလူငယ်အား အိမ်နှင့် အဆက်အသွယ်လုပ်ရန်နှင့် သင်တန်းတက်ရောက်ရန် လိုအပ်သည်များကို ဝယ်ယူရန်အတွက် ငွေကျပ် သိန်းနှစ်ဆယ် ပေးအပ်ကာ ဈေးဝယ်ခိုင်းခဲ့ကြောင်း သိရသည်။
”ဗိုလ်မှူးက ဒေါသတွေထွက်ပြီး မဲမဲမြင်ရာ ပစ်ချင်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော် အဆိုပါ လူငယ်သည် ငွေကျပ် သိန်းနှစ်ဆယ် ရရှိပြီးနောက် ထိုနေ့မှစ၍ ပျောက်ဆုံးသွားခဲ့ပြီး ယနေ့အထိ သတင်းအစအန တစ်စုံတစ်ရာ မရရှိဘဲ ထွက်ပြေးလွတ်မြောက်နေခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ရွေးတုအစိုးရစစ်တပ်၏ ဘက်မှ မခံမရပ်နိုင်ဖြစ်ကာ မသင်္ကာသူများအား လိုက်လံစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင် စစ်မှုထမ်း တပ်သားသစ်အတွက် လူဖမ်းဆီးမှုများ ရှိနေသည့်အပြင် တပ်သားသစ်စုဆောင်းရာတွင် ငွေကြေးအဆမတန်ကောက်ခံမှုများပါရှိနေသည်။ မြို့နယ်တစ်ခုနှင့်တစ်ခု လူအလဲအလှယ်လုပ်၍ လူဖမ်းဆီး ငွေညှစ်မှုများလည်း ရှိနေကြောင်းသိရသည်။