ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီး လှိုင်ဒုတ်ကျေးရွာအထိ ရွေးတုအစိုးတပ် စစ်ကြောင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းရှည် – ကျင်ဒွေး လမ်းပိုင်းအတိုင်း ကျင်ဒွေးမြို့ကို စစ်ကြောင်း ထိုးလာသည့် ရွေးတုအစိုးရတပ်သည် အောက်တိုဘာ ၂၁ ရက်နေ့တွင် လှိုင်ဒုတ်ကျေးရွာထိ ရောက်ရှိလာခြင်းဖြစ်သည်။
“လောင်းရှည်က စစ်ကြောင်းတွေ လှိုင်ဒုတ်ရွာ ရောက်ပါပြီ။ ကျင်ဒွေးမြို့ မရောက်သေးပေမဲ့ နီးပါပြီ။ လောဆယ် ရွာထဲ တပ်စွဲထားတ့ အခြေအနေမှာ ရှိပါတယ်” ဟု ကန်ပက်လက်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လောင်းရှည်-ကျင်ဒွေး လမ်းပိုင်းရှိ ပွိုင့်-၆၁၀၊ ပွိုင့် ၁၀၅၉၊ ပွိုင့် ၁၂၇၆၊ ပွိုင့် ၁၇၃၂ နှင့် ရင်းကဲ၊ ဆွဲလွဲကျင်း၊ မဆာတွီ၊ လှိုဒုတ် စသည့် ကျေးရွာများနှင့် နယ်မြေအများစု ရွေးတုအစိုးရတပ်က ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။
“စက်တင်ဘာလကတည်းက လောင်းရှည်ကနေ ထွက်လာတဲ့ စစ်ကြောင်းက လောင်းရှည်-ကျင်ဒွေး လမ်းပိုင်း နယ်မြေအများစုကိုတော့ စစ်တပ်က အဆင့်ဆင့် ပြန်ထိန်းချုပ်ထားပါတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လမ်းပိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရွေးတုအစိုးရတပ်သည် ထိခိုက်သေဆုံးမှုများသော်လည်း တပ်နောက်ဆုတ်ခြင်း မရှိဘဲ ဆက်လက်စစ်ကြောင်းထိုးနေသည်။
လက်ရှိတွင်လည်း ကျင်ဒွေး-လောင်းရှည် လမ်းပိုင်းတွင် ရွေးတုအစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။