‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၃ ရက်
‎
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာရှိ စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းတပ်စွဲထားသည့် တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
‎
‎ စစ်တပ်နှင့် SNA တို့ ပူးပေါင်းခြေကုပ်ယူထားသည့် စခန်းကြီးတစ်ခုဖြစ်သည့် SNA တပ်မဟာ ၉၇၂ လက်အောက်ခံ၊ တပ်ရင်း (၄) ဌာနချုပ်ကို ယမန်‌နေ့ အောက်တိုဘာ ၂၂ရက် ညပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်၊ ခဲယမ်းနှင့် အခြားဆက်စပ်ပစ္စည်း အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
‎
‎”အရှေ့ရက်တွေက တာမယ်ပုတ်မှာရှိတဲ့ စခန်းနှစ်ခုကိုသိမ်းတယ်။ အခုတောင်ဦးက စခန်းကိုထပ်သိမ်းတယ် ခဲယမ်း၊ လက်နက် အများကြီးရလိုက်တယ်လို့ သိရပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎အဆိုပါစခန်းကို မသိမ်းပိုက်မီ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက်ကလည်း တောင်ဦးကျေးရွာဘက်သို့ သွားသည့် လမ်းတလျှောက်ရှိ စစ်တပ်၏ ကာကင်းစခန်းငယ်များကို KIA နှင့် ပူးပေါင်းတပ်များက ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
‎
‎စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်တပ်၏ တိုက်လေယာဉ်များက တောင်ဦးကျေးရွာဝန်းကျင်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

‎လက်ရှိအချိန်အထိ တောင်ဦးကျေးရွာအနီးဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဟုမ္မလင်းမြို့ပေါ်ကိုမူ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
‎ဟုမ္မလင်းရှိ ဆည်ဇင်းနှင့် ဥရုချောင်းရိုးတလျှောက်ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ဆယ်ရက်ကျော်ရှိနေခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ထားသည်။