ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်မှ အသက် ၃၀ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက နေအိမ်မှ ထွက်သွားပြီးနောက် အဆက် အသွယ် ပြတ်တောက် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။
ကိုပြည့်ဖြိုးအောင်သည် အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီ ၂၃ မိနစ်ခန့်က ယုဇနဥယျာဉ်မြို့တော်၊ (၉၄) ရပ်ကွက်၊ တိုက် ၁၁၊ အိမ်အမှတ် (၀၀၄) နေအိမ်မှ သူငယ်ချင်းများနှင့် တွေ့ဆုံရန်အတွက် ထွက်သွား ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

“သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆိုပြီး မနက်ပိုင်း အိမ်က ထွက်သွားတာ ဒီနေ့ထိ အဆက်အသွယ် မရသေးလို့ပါ။ ဖုန်းဆက်တာလည်း ဖုန်းက စက်ပိတ်ထားပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ တစ်ပတ်ကျော်ကာလအတွင်း မြို့နယ် ၈ မြို့နယ်မှ လူ ၁၀ ဦးထက်မနည်း မတရား ဖမ်းဆီးခံခဲ့ရကြောင်း သိရပြီး အဆိုပါ ဖမ်းဆီးခံရမှုများတွင် အင်းစိန်မြို့နယ်မှ တစ် ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ တစ် ဦး၊ မြောက်ဒဂုံမြို့နယ်မှ တစ် ဦး၊ တောင်ဥက္ကလာပမြို့နယ်မှ တစ် ဦး၊ တာမွေမြို့နယ်မှ နှစ် ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ တစ် ဦး၊ စမ်းချောင်းမြို့နယ်မှ နှစ် ဦးနှင့် လှိုင်မြို့နယ်မှ တစ် ဦးတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ရွေးတုအစိုးရစစ်တပ်က လူငယ်များ အပြင်ထွက်စဉ် လမ်းခုလပ်၌ ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် အဓမ္မ စစ်မှုထမ်းရန် ခေါ်ဆောင်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာ ယခု ပျောက်ဆုံးနေသည့် ကိုပြည့်ဖြိုးအောင်မှာလည်း အလားတူ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းရန် အဓမ္မ ခေါ်ဆောင်ခြင်းခံရမည်ကို မိသားစုဝင်များက အထူးစိုးရိမ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ပျောက်ဆုံးနေသူ ကိုပြည့်ဖြိုးအောင်နှင့် ပတ်သက်၍ သတင်းအချက်အလက်တစ်စုံတစ်ရာ သိရှိပါက မိသားစုဝင်များထံ ဆက်သွယ် အကြောင်းကြားပေးပါရန်လည်း အကူအညီ တောင်းခံထား သည်။
ဓာတ်ပုံ – ကိုပြည့်ဖြိုးအောင် နေအိမ်မှ စတင်ထွက်ခွာသွားသည့် CCTV မှတ်တမ်း