ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်က ကာကင်းစခန်းများဆက်တိုက်လက်လွှတ်နေရသည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၂ရက်နေ့တွင် အမြင့်ကျွန်းရှိ ကာကင်းစခန်းတစ်ခုကို AAကသိမ်းပိုက်ခဲ့ပြီး စစ်တပ်စခန်းများရှိရာ စစ်တွေမြို့နယ်အတွင်းထိ စိမ့်ဝင် ထိုးစစ်ဆင်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
”ပါဒလိတ်ဘက်ကိုပါထိုးစစ်ကရောက်နေပြီ။ အမြင့်ကျွန်းကိုတော့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မြို့တော်စစ်တွေနှင့် အဆက်အသွယ်မပြတ်ရေးအတွက် တပ်ဖြန့်နေရသည့် ရွှေမင်းဂံရေတပ်စခန်းအနီး ကာကင်းအချို့ကိုလည်း AAကသိမ်းယူထားပြီးဖြစ်သည်။ ထို့ကြောင့် စစ်တပ်က ဆတ်ရိုးကျချောင်းတံတားအနီးတွင် တပ်ဖြန့်အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
ဒကစပတ်လည်ရှိ စစ်တပ်စခန်းများကို AAက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေပြီး ကျားမသောက်၊ ပါဒလိတ်စသည့်တပ်ရင်းများအနီးတွင်ပါ ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၃ရက်နံနက်ပိုင်းကလည်း စစ်တွေမြို့၏ လူစည်ကားရာ မြို့ပေါ်ရပ်ကွက်ကို ဗုံးချတိုက်ခိုက်မှုပြုလုပ်သည့်အတွက် လူအစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုရှိခဲ့သည်။
ထို့အပြင် ပုဏ္ဏားကျွန်းမို့နယ် ပန်းနီလာကျေးရွာကို ယနေ့ နေ့လယ် ၂နာရီ ၂၀မိနစ်အချိန်ခန့်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးကြဲချတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။