ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ့်သူတွေဟာ ဖိနှိပ်ညှဉ်းပန်းခံရမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှု ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမယ့် ခိုင်လုံတဲ့ အထောက်အထားနဲ့ စိုးရိမ်ရမှုတွေ ရှိနေရင် ဘယ်သူ့ကိုမှ ပြန်လည်ပို့ဆောင်မှာ မဟုတ်ဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီး ဆာအိဖူဒင်း နာဆူတီယွန်အစ္စမေးလ်က ပြောကြားလိုက်ပါတယ်။

မလေးရှားအစိုးရအနေနဲ့ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေမှာ ဘေးကင်းလုံခြုံရေး၊ လူမှုဖူလုံရေးနဲ့ လူ့အခွင့်အရေးတွေကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေတာလို့ သူက ဆိုပါတယ်။

နေရပ်ပြန်ပို့ခံရမယ့်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အုပ်စုက အာမခံချက် ပေးထားတယ်လို့ ၎င်းက ရှင်းပြပါတယ်။

မလေးရှားဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်နဲ့ ၁၉၆၇ ခုနှစ် နောက်ဆက်တွဲ စာချုပ်တွေမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ လက်ရှိ မလေးရှားအစိုးရဟာ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေကို လိုက်နာဆောင်ရွက်နေတယ်လို့ အစ္စမေးလ်က ဆိုပါတယ်။

နေရပ်ပြန်ပို့ရေး အဆင့်တိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘဲ ဘေးကင်းစိတ်ချစွာနဲ့ တာဝန်ယူမှုရှိရှိ ဆောင်ရွက်နိုင်ဖို့ အနီးကပ် စောင့်ကြည့်သွားမယ်လို့ အောက်တိုဘာ ၂၁ ရက် ပါလီမန် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မလေးရှား ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာဒုက္ခသည် ၅,၀၀၀ ဦးအထိကို အဆင့်လိုက် နေရပ်ပြန်ပို့ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

ပထမအဆင့်အနေနဲ့ စက်တင်ဘာ ၂၉ ရက်က မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို မြန်မာစစ်အုပ်စုရဲ့ ရေတပ် သင်္ဘောတွေနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ပထမအဆင့် ဆောင်ရွက်မှုဟာ မလေးရှားနဲ့ မြန်မာစစ်အုပ်စုတို့ကြား သဘောတူညီချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုအရ ဖြစ်တယ်လို့ အစ္စမေးလ်က ပြောပါတယ်။

ကျန်ရှိနေတဲ့ အဆင့်တွေကို စိစစ်ရေးနဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရေး လုပ်ငန်းစဉ်တွေ ပြီးစီးမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေကို မလေးရှားက တစ်ဖက်သတ် ဆောင်ရွက်တာ မဟုတ်ဘဲ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်နေတာလို့ သူက ဆိုပါတယ်။

လုပ်ငန်းစဉ်တွေထဲမှာ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ခြင်း၊ လုံခြုံရေးဆိုင်ရာ စိစစ်ခြင်းနဲ့ မြန်မာစစ်အုပ်စုက ဒုက္ခသည်ဟုတ် မဟုတ် အတည်ပြုခြင်း စတဲ့ အဆင့်အသီးသီး ပါဝင်ပါတယ်။

News: The Star/Asia News Network
Ref; No repatriation if Rohingya returnees face persecution in Myanmar, says Malaysia’s Home Minister