ဆောင်းပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၃ ရက်)

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို နိုင်ငံတော်၏ စွမ်းဆောင်ရည်နှင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်မှု၏ ပြဒါန်းချက်တစ်ခုအဖြစ် အစဉ်တစိုက် ဂုဏ်ယူဝင့်ကြွားစွာ ပြသခဲ့သည်။ သို့သော်လည်း ယနေ့အခါတွင် တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ကဏ္ဍတစ်ခုလုံး ယိုင်လဲနေပြီဖြစ်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများက ညွှန်ပြနေ သည်။

ဆေးရုံများ ဒေဝါလီခံရခြင်း၊ လစာများ လျှော့ချခံရခြင်းနှင့် ကြွေးကျန်ထားခြင်း၊ ဆေးဝါးနှင့် ဆေးကု သစရိတ် ပြန်လည်ထုတ်ပေးသည့် ပမာဏများ လျှော့ချခံရခြင်း၊ မြင့်မားလာသည့် ကြွေးမြီဝန်ထုတ် ဝန်ပိုးများနှင့် ပြည်သူတို့၏ မကျေနပ်မှုများ စသည့် ဖြစ်စဉ်များအားလုံးသည် တရုတ်၏ ကျန်းမာရေး စနစ်တွင် ယာယီ ကြုံတွေ့ရသည့် အကျပ်အတည်းမဟုတ်ဘဲ စနစ်တစ်ခုလုံး အခြေခံကျကျ ယိုင်လဲနေ သည့် အသွင်သဏ္ဌာန် ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

တရုတ်နိုင်ငံတွင် ဘဏ္ဍာရေးအရ အခိုင်မာဆုံးနှင့် အလုံခြုံဆုံးဟု ယူဆထားကြသည့် ပြည်သူ့ဆေးရုံ ကြီးများပင်လျှင် ဘဏ္ဍာရေး အကျပ်အတည်းကို အဆိုးရွားဆုံး ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ပြည်နယ် အသီးသီး၏ အစီရင်ခံစာများအရ ဆေးရုံများသည် ဝန်ထမ်းများ၏ လစာကို အချိန်မီ ပေးနိုင်ခြင်းမရှိဘဲ ကြွေးကျန်ထားခြင်း၊ အပိုဆုကြေးများ ဖြတ်တောက်ခြင်း၊ ဝန်ထမ်းအင်အား လျှော့ချခြင်းနှင့် အချို့ဆေးရုံများတွင် လုပ်ငန်း ရပ်ဆိုင်းလိုက်ရသည်အထိ ဖြစ်ပေါ်လျက်ရှိသည်။

ချိန်ဆခြင်းမရှိဘဲ ချဲ့ထွင်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် အဓိက ဝင်ငွေရလမ်းများကို ပိတ်ပင်လိုက်သည့် မူဝါဒအပြောင်းအလဲများကြောင့် တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများသည် ကြွေးမြီနွံနစ်ကာ ဝင်ငွေအကြီးအကျယ် ထိခိုက်နေရခြင်းဖြစ်သည်။ အဆိုပါ အကျပ်အတည်း၏ အဓိက ဇစ်မြစ်မှာ မှားယွင်းသည့် မူဝါဒများနှင့် အမြစ်တွယ်နေသည့် အကျင့်ပျက်ခြစားမှုတို့ ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်သည်။

🟥အကြွေးဖြင့် ချဲ့ထွင်ခဲ့သော ဆေးရုံများနှင့် အကြွေးနွံ

တရုတ်နိုင်ငံ စီးပွားရေး တဟုန်ထိုး တိုးတက်ခဲ့သည့် ကာလအတွင်း ဆေးရုံလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ချဲ့ထွင်ခဲ့ကြသည်။ ဆေးရုံဝင်းအသစ်များ ဆောက်လုပ်ခြင်း၊ စျေးနှုန်းမြင့်မားသည့် ဆေးဘက် ဆိုင်ရာ စက်ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ဆေးရုံများ အဆင့်မြင့်မားရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ရေရှည်တည်တံ့မည့် ဝင်ငွေရလမ်းမှ ထောက်ပံ့ခြင်းမဟုတ်ဘဲ ကြွေးမြီများကို အဓိကထား၍ ရယူခဲ့ခြင်းဖြစ်ပြီး အဆိုပါ အကျိုးဆက်များကို ယခုအခါ စတင်ခံစားနေရပြီ ဖြစ်သည်။ ပြည်သူ့ဆေးရုံများ၏ ကြွေးမြီသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လေးဆနီးပါး မြင့်တက်လာခဲ့ ကြောင်း အစီရင်ခံစာများအရ သိရသည်။

တာဝန်ယူမှု၊ တာဝန်ခံမှုထက် ဗျူရိုကရေစီ၏ လျာထားချက်များကိုသာ ဦးစားပေးသည့် နိုင်ငံရေးစနစ် အတွင်း ယင်းကဲ့သို့ လုပ်ငန်းချဲ့ထွင်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များသည် ရေရှည်တည်တံ့မည့် ကျန်းမာရေးစနစ်ထက် မျက်စိပသာဒဖြစ်စေမည့် အခြေခံအဆောက်အအုံ စီမံကိန်း များကိုသာ ဆောင်ရွက်ရန် တွန်းအားပေးခြင်း ခံခဲ့ရသည်။

ဆေးရုံများသည်လုပ်ငန်းများ ဆက်လက်တိုးတက်နေမည်အပြင် အစိုးရ၏ ထောက်ပံ့မှုများလည်း မပြတ်ရရှိမည်ဟု ယူဆကာ ချေးငွေများပြားစွာ ရယူခဲ့ကြသည်။ သို့သော် ဒေသဆိုင်ရာ အစိုးရများ၏ ဝင်ငွေကျဆင်းသွားသည့်အခါ တရုတ် အိမ်ခြံမြေဈေးကွက်မှာ ရေရှည်တွင် ဆုတ်ယုတ်လာပြီး ဘဏ္ဍာရေးအခြေခံ ကျန်းမာရေးစနစ်၏ အုတ်မြစ်များပါ စတင်ပြိုလဲလာခဲ့သည်။

🟥အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု

တရုတ်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အစိုးရအရာရှိများ၊ ဆေးရုံအုပ်ချုပ်သူများ၊ ဆေးဝါးကုမ္ပဏီ များနှင့် ပစ္စည်းဝယ်ယူရေး ကွန်ရက်များ ပါဝင်ပတ်သက်နေသည့် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ကြာမြင်နေပြီဖြစ်သည်။

အဆိုပါပြဿနာသည် ထူးခြားသည့်ဖြစ်ရပ် မဟုတ်ဘဲ လူနာများကောင်းကျိုးထက် နိုင်ငံရေးအရ အမြတ်ထွက်မှုကိုသာ အဓိကထား ဆုံးဖြတ်လေ့ရှိသည့် စနစ်တစ်ခုလုံး၏ ခြစားမှု အခင်းအကျင်းကို ပြသနေခြင်းပင် ဖြစ်သည်။

အထက်အဆင့်များတွင် အကျင့်ပျက်ခြစားမှု အမြစ်တွယ်လာသည့်အခါ အဆိုပါ ဗျူရိုကရေစီ ယန္တရားတစ်လျှောက် အောက်ခြေအထိ ကူးစက်စေခဲ့သည်။ အဆင့်မြင့်အရာရှိများက ပစ္စည်းဝယ်ယူရေး စာချုပ်များကို ကိုယ်ကျိုးအတွက် လိုသလို လှည့်စားခြယ်လှယ်ကြသလို ဆေးရုံအုပ်ချုပ်သူများကလည်း အမြင်လှစေမည့် စီမံကိန်းများကိုသာ လိုက်လံလုပ်ဆောင်ကြသည်။ ထို့ပြင် အလယ်အလတ်အဆင့် မန်နေဂျာများကလည်း လုပ်ငန်းထိရောက်မှုထက် ၎င်းတို့ ရာထူးတိုးတက်ရေးအတွက် သစ္စာခံမှုကသာ အရေးကြီးကြောင်း သိလာ၍ ဩဇာခံများ ဖြစ်လာကြသည်။

လွဲမှားစွာ အသုံးချမှုများ ဖြစ်ပေါ်လာခြင်း၏ ရလဒ်အနေဖြင့်အောက်ခြေရှိ ဆရာဝန်များ၊ သူနာပြုများနှင့် လူနာများကသာ အဆိုပါဒဏ်ကို ခါးစည်းခံနေကြရသည်။

၂၀၁၈ ခုနှစ်တွင် ဆေးဝါးစရိတ် လျှော့ချရန် စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ ဝယ်ယူမည့် ကုန်ပစ္စည်း ပမာဏအပေါ် မူတည်၍ ဈေးနှုန်းလျှော့ချဝယ်ယူသည့် စနစ် (Volume-based Procurement) သည် ဆေးဝါးအများအပြား၏ ဈေးနှုန်းကို အမှန်တကယ် လျှော့ချပေးနိုင်ခဲ့သည်။ သို့သော် ဆေးရုံများ၏ ဝင်ငွေ၊ ပစ္စည်းဝယ်ယူရေးဆိုင်ရာ တွန်းအားများနှင့် အရည်အသွေးဆိုင်ရာ စိုးရိမ်မှုများအပြင် ပုံစံပျက်ယွင်းပြီး ဝေဖန်မှုများကို မြင့်တက်စေခဲ့သည်။

🟥လူဦးရေ အိုမင်းလာမှုနှင့် ဘဏ္ဍာရေး ဖိအားများ

အခြားသော ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုမှာ တရုတ်နိုင်ငံ၏ ကျန်းမာရေးအာမခံစနစ်ပေါ် ကျရောက်နေသည့် ဘဏ္ဍာရေး ဖိအားဖြစ်သည်။ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေ မြန်ဆန်စွာ တိုးပွားလာနေသဖြင့် ဆေးကုသမှု လိုအပ်ချက်မှာ မြင့်တက်နေသော်လည်း အာမခံရန်ပုံငွေထဲ ထည့်ဝင်ပေးမည့် အလုပ်လုပ်နိုင်သည့် လုပ်သားအင်အားမှာမူ လွန်စွာ လျော့နည်းကျဆင်းနေသည်။ ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သုတေသနတစ်ခုအရ ယခုကဲ့သို့ အသက်အရွယ်ကြီးရင့်သည့် လူဦးရေ များပြားလာမှုသည် တရုတ်နိုင်ငံ၏ လူမှုကျန်းမာရေး အာမခံရန်ပုံငွေများ ရေရှည် ရပ်တည်နိုင်ရေး အတွက် များစွာ ဖိအားပေးနေကြောင်း မီးမောင်းထိုးပြထားသည်။

အလုပ်လုပ်နိုင်သည့် လုပ်သားနှင့် အငြိမ်းစားဦးရေ အချိုးအစားမှာ ဆက်လက်ကျဆင်းနေပြီး ပေးသွင်းသူနှင့် အကျိုးခံစားခွင့်ရှိသူကြား ရေရှည် မမျှတမှုကို ဖြစ်ပေါ်စေသည်။ လက်ရှိ တရားဝင် အချက်အလက်များအရ အလုပ်သမား ဆေးဝါးအာမခံ အစီအစဉ်အောက်တွင် အငြိမ်းစား ၁၀၃ သန်း ကျော်အထိ အကျိုးခံစားခွင့် ရရှိနေပြီး လူဦးရေဆိုင်ရာ ဖိအားများမှာလည်း ဆက်လက်မြင့်တက် နေသည်။

အဆိုပါ လူဦးရေဆိုင်ရာ ဖိအားသည် စီးပွားရေး အားနည်းချက်များကို ပိုမိုဆိုးရွားစေသည်။ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာခြင်းနှင့် ပုဂ္ဂလိကကဏ္ဍတွင် ယုံကြည်မှု ကျဆင်းလာခြင်းတို့က ကျန်းမာရေးစရိတ်များ မြင့်တက်လာချိန်၌ အာမခံရန်ပုံငွေ ထည့်ဝင်မှုကို လျှော့ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခြင်းမရှိပါက ဆေးကုသစရိတ် ပြန်လည်ထုတ်ပေးနိုင်သည့် ပမာဏများမှာ ဆက်လက်ကျဆင်းလာမည်ဟု လေ့လာဆန်းစစ်သူများက သတိပေးထားကြသည်။

🟥ဆေးရုံများ၏ အကျပ်အတည်းနှင့် အရပ်ဘက် ရိုက်ခတ်မှုများ

ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုသည် မှန်းဆတွက်ချက်၍ရသော ဘဏ္ဍာရေးစီးဆင်းမှုပေါ်တွင် မှီတည်နေသည်။ တရုတ်နိုင်ငံတွင် ဆေးဝါးအာမခံမှ ကျခံပေးရမည့် ငွေကြေးများ ကြန့်ကြာနေခြင်းသည် ဆေးရုံများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ ဆေးရုံများအနေဖြင့် ထိုငွေကြေးများကို လပေါင်းများစွာ စောင့်ဆိုင်းနေရသည့်အခါ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများမှာ အလွန်ခက်ခဲလာသည်။ အာမခံငွေများ အချိန်မီရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ကျန်းမာရေးဌာနများအနေဖြင့် ဝန်ထမ်းလစာ ပေးချေခြင်း၊ ဆေးဝါးများ ဝယ်ယူခြင်း၊ စက်ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် လူနာများကို ကုသပေးခြင်းတို့ကို လုပ်ဆောင်နေရဆဲ ဖြစ်သည်။

ရလဒ်အနေဖြင့် ဘဏ္ဍာရေး အကျပ်အတည်းမှသည် လစာကြန့်ကြာမှု၊ ဝန်ထမ်းများ နှုတ်ထွက်မှု၊ ဝန်ဆောင်မှုများ လျှော့ချရခြင်းနှင့် လူနာများ၏ ယုံကြည်မှု ကျဆင်းရမှုဆိုသည့် ရိုက်ခတ်မှုများ တွေ့ကြုံ လာရသည်။ ကျန်းမာရေးဝန်ထမ်း အများအပြားမှာ လစာလျှော့ချခံရခြင်း၊ လစာမရရှိခြင်းနှင့် စွမ်းဆောင်ရည် အပိုဆုကြေးများ မရရှိတော့ခြင်းတို့ကို ကြုံတွေ့နေရကြောင်း သတင်းများ ထုတ်ပြန် ထားသည်။

သူနာပြုများသည် လစာနည်းနည်းဖြင့် နာရီပေါင်းများစွာ ပိုမိုအလုပ်လုပ်နေရသည်။ ဆရာဝန်များသည် ဝင်ငွေလျော့ကျသွားသော်လည်း အလုပ်ဝန်ထုတ်ဝန်ပိုး မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသည်။ စာချုပ်ဝန်ထမ်းများမှာ ပထမဆုံး အလုပ်ဖြုတ်ခံရသူများ ဖြစ်လာကြပြီး အချို့သော ကျန်းမာရေး ပညာရှင်များဆိုလျှင် ၎င်းတို့ ရမည့် လုပ်ခလစာများကို ရရှိရန် လပေါင်းများစွာ စောင့်ဆိုင်းနေရသည်။

လူနာများအတွက်လည်း ဆေးကုသစရိတ်များ မြင့်မားနေဆဲဖြစ်ပြီး အချို့သော ကုသမှုများအတွက် အာမခံမှ ပြန်လည်ကျခံပေးသည့် ပမာဏမှာ လျှော့ချခံလိုက်ရသည်။ ထို့ကြောင့် မိသားစုများမှာ ဘဏ္ဍာရေး အခက်အခဲကြောင့် ဆေးကုသမှု ခံယူရန် အချိန်ဆွဲကြရပြီး သက်ကြီးရွယ်အို လူနာများစွာ သည်လည်း ဘဏ္ဍာရေး အကျပ်အတည်းဖြစ်နေသည့် စနစ်အတွင်း ဆေးကုသခွင့်ရရှိရန် ပိုမိုခက်ခဲ လာကြသည်။

တရုတ်နိုင်ငံ၏ ကျန်းမာရေး အခြေခံအဆောက် အအုံများသည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း လွန်စွာ ကျယ်ပြန့်လာခဲ့သော်လည်း ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် စိတ်ချရသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးမှာမူ မရေမရာ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ဆေးရုံများကို ရိုက်ခတ်နေသည့် အကျပ်အတည်းသည် ကျန်းမာရေးဆိုင်ရာ ဖြစ်စဉ် တစ်ခုတည်း မဟုတ်ပေ။ လျော့နည်းလာသည့် လုပ်သားအင်အား၊ များပြားလာသည့် သက်ကြီး ရွယ်အိုဦးရေ၊ ဒေသဆိုင်ရာ အစိုးရများ၏ ကြွေးမြီဝန်ထုတ်ဝန်ပိုးများ၊ လျော့ကျလာသည့် အိမ်ခြံမြေ ဝင်ငွေများနှင့် တင်းကျပ်လွန်းသည့် နိုင်ငံရေးစနစ်တို့သည် ကျန်းမာရေးကဏ္ဍ တစ်ခုလုံးတွင် လာရောက် ဆုံစည်းနေကြသည်။ ဆေးရုံများသည် အဆိုပါ ဖိအားများ အချင်းချင်း ရိုက်ခတ်ရာ ရှေ့တန်း စစ်မျက်နှာ ပြင် ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသည် ကြီးမားသည့် ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်၊ ကျယ်ပြန့်သည့် အခြေခံ အဆောက်အအုံများနှင့် နိုင်ငံအရင်းအမြစ်များကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှုနှင့် မှန်ကန်သော အခြေခံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ကြွေးမြီကို အခြေခံသည့် လုပ်ငန်းချဲ့ထွင်မှုများနှင့် လွဲမှားနေသည့် စီမံခန့်ခွဲမှုများကို မအစားထိုးနိုင်ပါက ယိုယွင်းပျက်စီးမှုများမှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

သန်းပေါင်းများစွာသော တရုတ်ပြည်သူများအတွက်မူ စနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲရန် လိုအပ် သလား ဆိုသည်ထက် အဆိုပါ ဖိအားများကြောင့် စနစ်တစ်ခုလုံး မပြိုလဲမီ ပြုပြင်ပြောင်းလဲမှုများ အချိန်မီ ရောက်ရှိလာနိုင်ပါ့မလား ဆိုသည်အချက်ပင် ဖြစ်သည်။

(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသည့် သုတေသီ တစ်ဦး ဖြစ်သည်။)