ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ယူကရိန်း၊ အမေရိကန်တို့နဲ့ သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို နိုဝင်ဘာလမှာ ပြန်လည်စတင်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူလိုက်ပါတယ်။
အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက် သို့မဟုတ် ယင်းနောက်ပိုင်း အဘူဒါဘီမြို့မှာ ကျင်းပဖွယ်ရှိပြီး စစ်ပွဲအပြီး ရုရှားနဲ့ ယူကရိန်းတို့ရဲ့ လုံခြုံရေး အာမခံချက်ပေးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာပါ။
ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်ရဲ့ အဆိုပြုချက်ကို ထောက်ခံပြီး ဒီတွေ့ဆုံပွဲကို နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပချင်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်တွေကို လက်ခံဖို့ အသင့်ရှိနေပါတယ်။
ဒီကြေညာချက်ဟာ စိန့်ပီတာစဘတ်မြို့မှာ ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်တို့ တွေ့ဆုံအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး ၎င်းတို့နှစ်ဦး ရင်းနှီးစွာ သီးသန့် တွေ့ဆုံတာဟာ ကိုးကြိမ်မြောက် ဖြစ်ပါတယ်။
ပဋိပက္ခတွေက ဆက်လက် ပြင်းထန်နေပြီး ကြာသပတေးနေ့ နံနက်ပိုင်းက ယူကရိန်းမြို့တော် ကိယဗ်ကို ရုရှားက ဒုံးကျည်တွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့သလို ရုရှားနိုင်ငံ၊ လစ်ပက်စ်ခ်မြို့ရှိ လူနေအဆောက်အအုံတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဆွေးနွေးပွဲ မစတင်မီ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးထားတဲ့ အသက် ၇၄ နှစ်အရွယ် အမေရိကန် ကျောင်းဆရာဟောင်း စတီဗင်ဟားဘတ်ကို ရုရှားက လွှတ်ပေးခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ဟားဘတ်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် လွှတ်ပေးခဲ့တာလို့ ပူတင်က ပြောဆိုခဲ့ပြီး ဟားဘတ်ဟာ ကြေးစားစစ်သားအဖြစ် ပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လ ကျခံနေရသူ ဖြစ်ပါတယ်။
ဝစ်ကော့ဖ်က ဟားဘတ်ကို လွှတ်ပေးခဲ့တဲ့ ပူတင်ကို လူသားချင်းစာနာထောက်ထားသူလို့ ချီးကျူးခဲ့ပေမဲ့ အဆိုပါ ပြောဆိုချက်အပေါ် အမေရိကန် လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က ဟားဘတ် လွတ်မြောက်ရေးအတွက် အမေရိကန်ဘက်က ဘာမှ အလဲအလှယ် မပေးခဲ့ရပေမယ့် စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတွေကတော့ တိုးတက်မှု ရှိနေတယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းအပေါ် ထောက်ပံ့ပေးနေမှုတွေကို လျှော့ချလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေကြား ထွက်ပေါ်နေချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ် ထွက်ပေါ်လာတာပါ။
ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စဉ်က စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်ပေးမယ်လို့ ကတိပြုခဲ့ဖူးသလို မကြာသေးမီက ရုရှားမှ ဒီဇယ်ဝယ်ယူဖို့ သဘောတူတာနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ကင်းလွတ်ခွင့်ပေးခဲ့တာတွေကြောင့် ဝေဖန်ခံနေရပါတယ်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ နောက်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စစ်ပွဲ မစတင်မီက ဖြစ်ပါတယ်။
ဝစ်ကော့ဖ်က ပူတင်နဲ့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်ခဲ့ပြီး နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နိုင်ဖို့ အဆက်အသွယ်တွေ ဆက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
News: India Today
Ref; Putin agrees to resume US-Ukraine-Russia peace talks in November