(ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိတာကြောင့် စစ်အုပ်စုက ဘယ်တော့မှ ပြန်လွှတ်ပေးမှာ မဟုတ်ဖူးလို့ ဆို)

 

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

 

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိနေသေးလို့ သူ့ကို ဖမ်းဆီးထားတဲ့ စစ်အုပ်စုဟာ ဘယ်တော့မှ ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်က သတိပေးလိုက်ပါတယ်။

 

လန်ဒန်မြို့မှာ ကျင်းပတဲ့ The Independent သတင်းစာရဲ့ “Cancelled: The Rise and Fall of Aung San Suu Kyi” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ပြသပွဲမှာ ကင်မ်အဲရစ်က အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ အခြေအနေတွေကို ပိုမို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဆက်လက်ဖမ်းဆီးထားသလဲဆိုတာနဲ့ ပတ်သက်ပြီး ကင်မ်အဲရစ်က “သူ့အနေနဲ့ မေမေ့ကို ကြောက်နေတုန်းပဲလို့ ထင်ပါတယ်။

မြန်မာပြည်သူတွေအပေါ် မေမေရဲ့ သြဇာအာဏာက လူတွေထင်ထားတာထက် အများကြီး ပိုကြီးမားနေတုန်းပဲဆိုတာရယ်၊ ပြည်သူတွေက မေမေ့ကို ထောက်ခံနေဆဲပဲ ဆိုတာရယ်ကြောင့်ပါ” လို့ ဖြေကြားခဲ့ပါတယ်။

 

လွန်ခဲ့သောနှစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့စဉ် ပြည်သူတွေရဲ့ ထောက်ခံမှု ဘယ်လောက်တောင် အားကောင်းသလဲဆိုတာကို မြန်မာစစ်တပ်က ရေရေရာရာ မသိခဲ့ပေမယ့် ခုချိန်မှာတော့ ကောင်းကောင်းကြီး သဘောပေါက်သွားပြီလို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်ဘုရင် ချားလ်စ်ထံမှ ပေးပို့လိုက်တဲ့ စိုက်ပျိုးရေးဆိုင်ရာ စာအုပ် နှစ်အုပ်နဲ့ တံဆိပ်ခတ်ထားတဲ့ စာအိတ်တစ်အိတ်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူနေတဲ့ ဓာတ်ပုံတွေကို စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ကင်မ်အဲရစ်က “မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲတွေအပြီး တရားဝင်မှုရဖို့ ကြိုးစားနေတာပါ။ နိုင်ငံတကာက မေမေ့ရဲ့ အခြေအနေကို စိုးရိမ်နေကြလို့ လူတွေကို နှစ်သိမ့်ဖို့အတွက် ဒီလို လုပ်ပြတာပါ” လို့ ဝေဖန်ခဲ့ပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံခဲ့ရပြီး လုပ်ကြံစွပ်စွဲထားတဲ့ အမှုအမျိုးမျိုးနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

 

၂၀၂၆ ခုနှစ်၊ ဧပြီလမှာ စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကြောင့် ကျန်ရှိတဲ့ ထောင်ဒဏ် ၁၈ နှစ်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခံခဲ့ရပေမဲ့ သူ့ကို ထိန်းသိမ်းထားတဲ့နေရာကို ထုတ်ပြန်ထားခြင်း မရှိပါဘူး။

 

မင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲအပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် ကြေညာခဲ့ပြီး အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ကာ သံတမန်ရေးအရ ကြိုးပမ်းနေပေမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ပယ်ကျဉ်ခံထားရဆဲ ဖြစ်ပါတယ်။

 

စစ်အုပ်စုဟာ နယ်မြေအမြောက်အမြား ဆုံးရှုံးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုပဲ အဓိက အားကိုးနေရတာကြောင့် အာဏာမသိမ်းမီကထက် ပိုမို အားနည်းတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ ကင်မ်အဲရစ်က ထောက်ပြပါတယ်။

 

မြန်မာနိုင်ငံအပေါ် နည်းလမ်းမျိုးစုံနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင်ဖို့နဲ့ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို နိုင်ငံတကာက ဆက်လက် အာရုံစိုက်ပေးကြဖို့ ၎င်းက တောင်းဆိုပါတယ်။

 

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘဲ အတုအယောင်သာ ဖြစ်တာကြောင့် ဘယ်နိုင်ငံကမှ တရားဝင်အဖြစ် အသိအမှတ် မပြုသင့်ကြောင်း ၎င်းက ပြောပါတယ်။

 

အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း၊ အမြန်ဆုံး လွတ်မြောက်လာတာကို မြင်တွေ့ချင်ကြောင်း ကင်မ်အဲရစ်က ဆိုပါတယ်။

 

News: The Independent
Ref; Aung San Suu Kyi won’t be freed because the military junta believe she’s too powerful, warns son