ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

 

ငြိမ်းချမ်းရေးပွဲစား နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါနှင့် ရွေးတုသမ္မတ မင်းအောင်လှိုင်တို့ တွေ့ဆုံသည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ရခိုင်၊ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်ကဗုံးကြဲသဖြင့် ပြည်သူ ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်မ်းက စုံစမ်းသိရသည်။

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၊ သီရိမြိုင်ကျေးရွာနှင့် အနီးဝန်းကျင်ရှိဖလံပင်ကုက္ကိုင်း သို့ နတ်တလင်းတောင်ညိုကွက်သစ်ရဲစခန်းမှ ဒရုန်းဖြင့် ဗုံးသီး ခုနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“အောက်တိုဘာ၂၀ရက်နေ့ကတော့ ပဲခူးတိုင်းတစ်တိုင်းလုံးနီးပါး ဒရုန်းတွေ လက်နက်ကြီးတွေပစ်ခတ်မှုတွေ နေရာတော်တော်များများမှာဖြစ်ခဲ့တာပေါ့နော်။ တချို့နေရာတွေကျ အိမ်တွေထိခိုက်တာ မီးလောင်တာ ဒီဟာတွေတော့ရှိတယ်။ လူသေမှုကတော့ဒီတစ်ခုရှိတယ်။ အဓိကကတော့ နေရာတော်တော်များများမှာ ရွာတွေထဲကိုပစ်ထည့်တာ” ဟု ‌ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နိပွန်ဖောဒေးရှင်းဥက္ကဌဆာ‌ဆာကာဝါနှင့် ရွေးတုသမ္မတ မင်းအောင်လှိုင်တို့သည် အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

 

ယင်းကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများဆွေးနွေးနေကြစဉ် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ (နမခ)မှ ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံ အမျိုးသမီး ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်လည်း အဆိုပါနေ့က လေကြောင်းတိုက်ခိုက်ခံရမှုများရှိခဲ့ပြီး ပြည်သူများသေဆုံးခဲ့သည့်အတွက် ဆာဆာကာဝါနှင့် မင်းအောင်လှိုင်တို့ ငြိမ်းချမ်းရေးကိစ္စစကားပြောသည့်နေ့တွင် စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပြည်သူ၁၀ဦးဝန်းကျင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

 

ဆာဆာကာဝါအနေဖြင့် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့ကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။ ယခုခရီးစဉ်အပါဆိုလျှင် အာဏာသိမ်းပြီးနောက် ဆာဆာကာဝါအနေဖြင့် မြန်မာ နိုင်ငံသို့ စတုတ္တအကြိမ်မြောက် လာရောက်သည့်ခရီးစဉ်ဖြစ်သည်။

 

ဓာတ်ပုံ – အင်တာနက်