ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ရွေးတုအစိုးရစစ်တပ်သည် တပ်တွင်းရာထူးအပြောင်းအလဲနှင့် တိုင်းစစ်ဌာနချုပ် ရွှေ့ပြောင်းမှုဆိုင်ရာ သတင်းအမှားများကို ဗိုလ်ချုပ်အဆင့်များမှတစ်ဆင့် စနစ်တကျ စတင်ဖြန့်ဝေကာ တပ်တွင်းမှ သတင်းပေးများ (ဖရဲသီးများကို) ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
စစ်တပ်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ကို လွိုင်ကော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်ဆိုသည့် သတင်းများ ဖြန့်ဝေခဲ့သော်လည်း လက်တွေ့တွင် ရှေ့တန်းပြန်ပွဲများ၌ ရလခ လက်မောင်းတံဆိပ်များ တပ်ဆင်ထားဆဲဖြစ်ပြီး ကရင်နီဒေသအတွင်းရှိ တပ်များသည်လည်း ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) တံဆိပ်များကိုသာ ဆက်လက် အသုံးပြုနေကြဆဲ ဖြစ်သည်ကို တွေ့ရသည်။
ထို့ကြောင့် လွိုင်ကော်သို့ တိုင်းစစ်ဌာနချုပ် ရွှေ့ပြောင်းသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ပြီး အဆိုပါသတင်းကို ရွေးတုအစိုးရစစ်တပ် စစ်ထောက်လှမ်းရေးများက ဗိုလ်ချုပ်အဆင့်မှတစ်ဆင့် စတင်ဖြန့်ဖြူးခဲ့ခြင်းဖြစ်ကြောင်း ဧရာ၀တီတိုင်းမ်အနေဖြင့် စုံစမ်းသိရသည်။
ရွေးတုအစိုးရစစ်တပ်အနေဖြင့် ယခုကဲ့သို့ သတင်းအမှားများကို နေရာပေါင်းစုံသို့ ဖြန့်ဝေခြင်းသည် တပ်တွင်းရှိ သတင်းပေးများကို ရှာဖွေဖော်ထုတ်ရန်နှင့် တော်လှန်ရေးအသိုင်းအဝိုင်းကို မဟုတ်မမှန် သတင်းဖြန့်ချိသူများအဖြစ် ပုံဖော်ရန် ကြိုးပမ်းခြင်းဖြစ်၍ အထူးသတိပြုရန် လိုအပ်လျက်ရှိသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သတိပေးပြောဆိုသည်။
အဆိုပါ သတင်းအမှား ပေါက်ကြားမှုသည် စစ်တပ်က အချိန်ဆွဲလို၍ဖြစ်စေ၊ သတင်းမီဒီယာများထံ သတင်း စကား တစ်ပြိုင်နက်တည်း ရောက်ရှိသွားစေရန် စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။
ထို့အပြင် တပ်တွင်းနှင့် အရပ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများနှင့် ပတ်သက်၍လည်း သတင်းအမှန်နှင့် အမှားများကို ရောနှောကာ ထပ်မံဖြန့်ချိမှုများ ရှိနေသည်။
လေ့လာဆန်းစစ်ချက်များအရ ထားဝယ်ခရီးစဉ်အပြီးတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူး ကျော်ကျော်ဟန်ကို နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ယခင် ဒုဝန်ကြီးဖြစ်သူ နပခ တိုင်းမှူးဟောင်း ကျော်စွာဦးကိုမူ မည်သည့်နေရာသို့ ပို့ဆောင်လိုက်သည်ကို သိရှိရခြင်းမရှိသေးပေ။
သို့သော် လွိုင်ကော် ဒကစမှူး (ဒေသကွပ်ကဲရေးမှူး) ကိုမူ တွဲဖက်စစ်ရေးချုပ်အဖြစ် အပြိုင်ခန့်အပ်ခဲ့သည်။ဆက်လက်၍ အမျိုးသားလွှတ်တော်သို့ ပို့ထားသည့် ဗိုလ်မှူးချုပ် အောင်အောင်ကို တပ်ထိန်းချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး မူလ တပ်ထိန်းချုပ်ကိုမူ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးသို့ ပြောင်းလဲလိုက်သည်။
ထို့ပြင် စစ်ဦးစီးတက္ကသိုလ် ဒုကျောင်းအုပ်ကြီးကို စစ်ရာထူးခန့်ချုပ်ရုံး၏ ဒုရာထူးခန့်ချုပ်အဖြစ် ခန့်အပ်ခဲ့ကာ ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေ ပြောင်းလဲအောင် စွမ်းဆောင်နိုင်ခဲ့သည့် တပ်မ (၇၇) တပ်မမှူး နေဝန်းအား စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
ဓာတ်ပုံ-Myawady