နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အမေရိကန်အစိုးရနှင့် အာဏာသိမ်း ရွေးတုအစိုးရ ခန့်အပ်ထားသည့် အရာရှိများ တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေး အပစ်ရပ်ရေး ကြားဝင်ညှိနှိုင်းပေးသူ ဂျပန်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။
ဂျပန်အစိုးရ၏ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိထားသည့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါသည် ရွေးတုအစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကြား နှစ်ပေါင်းများစွာ ကြားဝင်ညှိနှိုင်းပေးခဲ့သူ ဖြစ်သည်။
“မြန်မာ့အရေးကို ကျွမ်းကျင်သူဖြစ်တယ်။ (ရွေးတုသမ္မတ) မင်းအောင်လှိုင်၊ EROs နဲ့ပါ ရင်းနှီးတယ်။ မကြာသေးခင်က အမေရိကန်နဲ့ စစ်တပ် ကိုယ်စားလှယ်တွေ ဂျပန်မှာ တွေ့ကြတယ်။ ဆိုတော့ ခုခရီးစဉ်က စိတ်ဝင် စားစရာ ကောင်းတယ်” ဟု မြန်မာ့အရေး အကဲခတ် R. Lakher က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်သို့ တစ်ရက်တာ လာရောက်ခဲ့သည့် ဆာဆာကာဝါသည် အောက်တိုဘာ ၂၀ ရက်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တတ်နိုင်သည့်ဘက်မှ ကူညီကြိုးပမ်းပေးသွားမည်ဟု ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီပေးသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသော်လည်း သက်ဆိုင်သူများနှင့် ဂျပန်အစိုးရဘက်ကမူ ယခုခရီးစဉ်အပေါ် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ဆာဆာကာဝါသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်ကလည်း နေပြည်တော်သို့ သွားရောက်၍ ရွေးတုသမ္မတနှင့် တွေ့ဆုံခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ ပြီးခဲ့သည့် ဇွန်လအတွင်း တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယခုခရီးစဉ်အပေါ် အမြင်သဘောထားနှင့် နိပွန်ဖောင်ဒေးရှင်း၏ ထိတွေ့ဆက်ဆံမှု အခြေအနေများကို SCEF ပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
“ဒါက ပြည်တွင်းမှာရှိတဲ့ အစုအဖွဲ့တွေအနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းပါဝင် ပတ်သက်ကြမလဲ။ ပြီးရင် ဘယ်လိုမျိုး တည်ငြိမ်ဖို့အတွက် အဖြေတွေ ဝိုင်းရှာကြမလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စဉ်းစားပုံ မတူဘူး” ဟု နိုင်ငံရေးအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် NLD အစိုးရ အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ဒေသ မြို့နယ်အချို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သကဲ့သို့ ၂၀၂၂ ခုနှစ်တွင်လည်း ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အကြား အပစ်ရပ်စဲနိုင်ရေး စေ့စပ်ပေးခဲ့သည်။
သို့သော် လက်ရှိ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများအရ AA အနေဖြင့် ကြားဝင်ညှိနှိုင်းမှုများကို လက်ခံလိမ့်မည် မဟုတ်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။ ထို့ပြင် ဆာဆာကာဝါသည် မြန်မာနိုင်ငံမှ တိမ်းရှောင်နေရသည့် ရိုဟင်ဂျာများ နေရပ်ပြန်လာနိုင်ရေးအတွက် ရွေးတုအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကြား ကြားဝင်ညှိနှိုင်းပေးနေသလို ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်ထားကြောင်း သိရသည်။
ဓာတ်ပုံ – MOI