ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်ရှိ မုန့်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ထားသည့် နေအိမ်အတွင်းသို့ ဝင်ရောက်ခိုးယူစဉ် အိမ်ရှင်လူငယ်တစ်ဦးကို ဓားဖြင့်ထိုးသတ်ကာ အဒေါ်ဖြစ်သူကိုပါ ထပ်မံဓားဖြင့် ထိုးခဲ့သည့် တရားခံ အမျိုးသား သုံး ဦးစလုံးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၁ ရက် နံနက်အစောပိုင်း ၁ နာရီကျော်ခန့်က ပုသိမ်ညွန့် (၃) လမ်းရှိ အဆိုပါနေအိမ်၏ အနောက်ဖေးပေါက် သံပန်းများကို ဖျက်ဆီး၍ လူ ၃ ဦးက ဝင်ရောက်ခိုးယူရန် ကြိုးပမ်းစဉ် အသက် (၂၄) နှစ်အရွယ် အိမ်ရှင်ဖြစ်သူ မောင်စိုပြည် (ခ) စွမ်းညီက တွေ့ရှိ၍ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့သဖြင့် တရားခံများက ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဓားဖြင့် ထိုးခံရမှုကြောင့် မောင်စိုပြည် (ခ) စွမ်းညီမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဝင်ရောက်တားဆီးရန် ကြိုးပမ်းခဲ့သည့် အသက် ၆၀ ကျော်အရွယ် အဒေါ်ဖြစ်သူမှာလည်း ဓားဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် တရားခံတစ်ဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မောင်မောင်အား လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့်အတူ ပထမဆုံး ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသည့် တရားခံ နှစ် ဦးကိုလည်း အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် တောင်ဒဂုံမြို့နယ်အတွင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
စစ်ဆေးချက်များအရ အဆိုပါ တရားခံအမျိုးသား သုံး ဦးစလုံးသည် တာမွေမြို့နယ်၊ ကြက်ဘဲဈေးအတွင်း လုပ် ကိုင်နေကြသည့် ပျံကျအလုပ်သမားများ ဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် စစ်ဆေးလျက်ရှိကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ပုံစာ-ဖမ်းဆီးရမိသည့် တရားခံများ၊ အိမ်ရှင် မောင်စိုပြည် (ခ) စွမ်းညီ။