ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထဲတွင် ဗိုလ်နဂါး ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BNRA) ၏ ရဲဘော်ဟောင်းများ ပါဝင်နေကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာအကြား ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာမှ အဆိုပါ စစ်သုံ့ပန်းများကို အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ BNRA ရဲဘော်ဟောင်းတွေလည်း ပါဝင်တယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့ကို သင်တန်းအတူ တက်ဖူးတဲ့ ရဲဘော်တွေက မှတ်မိပါတယ်။ လေး ယောက်လောက် ပါတယ်ဆိုပေမဲ့ အရေ အတွက် အတိအကျတော့ မသိသေးဘူး” ဟု ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ BNRA ရဲဘော်ဟောင်းများသည် ရွေးတုအစိုးရစစ်တပ်ထံ လက်နက်ချခဲ့သူများဖြစ်ပြီး၊ မိတ္ထီလာအခြေ စိုက် တပ်မ (၉၉) လက်အောက်ခံ ခမရ-၄၁ နှင့် ခမရ-၄၂၀ တပ်ဖွဲ့တို့နှင့်အတူ မကွေးတိုင်း၊ လောင်းရှည်မြို့မှတစ်ဆင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် စေလွှတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
“စစ်တပ်ထံ လက်နက်ချ အညံခံပြီးနောက် စစ်တပ်တွေနဲ့အတူ ရှေ့တန်းအပို့ခံရတဲ့ အခြေအနေပါ။ သူတို့မှာ တခြားအကြောင်းအရာတွေလည်း ရှိနိုင်သေးတယ်။ လောလောဆယ် စစ်ဆေးနေဆဲမို့ အသေးစိတ် မသိရသေးဘူး” ဟု အဆိုပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများထဲတွင် BNRA ရဲဘော်ဟောင်းများ ပါဝင်နေသည့်အပေါ် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ရွေးတုအစိုးရစစ်တပ်သည် ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် မကွေးတိုင်း၊ လောင်းရှည်မြို့ဘက်မှတစ်ဆင့် ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ယနေ့အထိ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။