ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
လက်ရှိမိုးစပါးတင်း ၁၀၀ ကိုကျပ်သိန်း ၂၀ ကျော်ပေါက်ဈေးရှိသော်လည်း ရွေးတုအစိုးရလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခြေခံစပါးဈေးနှုန်းကို ပြင်ပပေါက်ဈေးထက်လျော့နည်းဆွဲချကာ ကျပ် ၁၃ သိန်းခွဲဖြင့် ခုနစ်သိန်းကျော်ကွာဟပြီး သတ်မှတ်လိုက်ကြောင်းသတင်းရရှိသည်။
ယခုသတ်မှတ်လိုက်သည့် အခြေခံစပါး ရည်ညွှန်းသတ်မှတ်ဈေးနှုန်းသည် လယ်သမားများ၏ အခြေခံကုန်ကျစရိတ်ပင် လုံလောက်မှုမရှိသည့်အပြင် အရင်းရှုံးနိုင်သည့်ဈေးနှုန်းကို သတ်မှတ်လိုက်ကြောင်း လယ်သမားများက ပြောသည်။
ယခုနှစ် မိုးစပါးနှင့် လာမည့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကိုကျပ် ၁၃ သိန်းခွဲ သတ်မှတ်ကြောင်းတောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

“အခြေခံရည်ညွှန်းဈေးသတ်မှတ်တယ်ဆိုတာက စိုက်ပျိုးတဲ့တောင်သူတွေ အရင်းမရှုံးအောင် ဈေးသတ်မှတ်ပေးထားတာ။ အခုသတ်မှတ်ဈေးက အရင်းတောင်မကြေဘူး။ တောင်သူအကျိုးရှိအောင်လုပ်တာ၊ တောင်သူကိုကယ်တင်ချင်လို့လုပ်တာဆိုရင် အဲဒီဈေးနဲ့ဆိုအရှုံးပေါ်သွားပြီ။ သွင်းအားစုဈေး၊အထွေထွေကုန်ကျစရိတ်ဈေးတွေတွက်ပြီးတော့ အကျိုးအမြတ်ရတဲ့ဈေးမျိုးသတ်မှတ်ပေးသင့်တယ်” ဟု ဧရာဝတီတိုင်းဒေသခံ တောင်သူလယ်သမားတစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် လယ်ယာလုပ်သားရှားပါးမှုနှင့်အတူ သွင်းအားစုဈေးနှုန်းမြင့်တက်ခြင်း၊ ပိုးသတ်ဆေးစရိတ်၊စက်သုံးဆီဈေးနှုန်းများကြောင့် လယ်တစ်ဧကကို စိုက်ပျိုးစရိတ် ပျှမ်းမျှ ရှစ်သိန်းကျပ်ရှိပြီး စပါး တင်း ၅၀ မှ ၆၀ တင်းသာထွက်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိစပါးဈေးနှုန်း ဈေးကွက်ပေါက်ဈေးသည် စပါးအမျိုးအစားအလိုက် တင်း ၁၀၀ ကို ကျပ် သိန်း ၂၀ မှ ၂၅ သိန်းဝန်းကျင်ရှိကြောင်း တောင်သူများထံမှ သိရသည်။
စပါးအခြေခံရည်ညွှန်းဈေးနှုန်းဆိုသည်မှာ ဈေးကွက်ပေါက်ဈေးသည် ရည်ညွှန်းဈေးထက်မြင့်နေပါက အဆိုပါဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက သတ်မှတ်ဈေးထက် နိမ့်နေပါက သတ်မှတ်ဈေးအတိုင်း ရောင်းဝယ်ပြုလုပ်ရခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရွေးတုအစိုးရ #အခြေခံစပ