ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်၍ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တိမ်းရှောင်နေသော စစ်ဘေးရှောင်များ နေရပ်ပြန်လာအောင် ကူညီဖြေရှင်းပေးရန် ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးဦးဆောင်သည့် နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့အား နေပြည်တော်သို့ ရွေးတုအစိုးရက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

အာဏာသိမ်း ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် အဆိုပါအလုပ်အဖွဲ့ကို နေပြည်တော်၌ အောက်တိုဘာ ၁၉ ရက်မှ ယမန်နေ့ ၂၀ ရက်အထိ နှစ်ရက်တာ ခေါ်ယူတွေ့ဆုံ ဆွေးနွေးကာ ထိုကဲ့သို့ အကူအညီတောင်းခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကူညီပေးနိုင်ရေး လှုပ်ရှားမှုများကို နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့အနေဖြင့် သီးခြားဖွဲ့စည်းနိုင်ပြီး ၎င်းတို့လုပ်ဆောင်ချက်များ၌လည်း ပေါင်းစပ်အကူအညီပေးစေလိုကြောင်း NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားတွင် ပြောသည်။

ထို့အပြင် စစ်ရေးအရှိန်မြှင့်၍ မြို့ရွာပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နယ်မြေတချို့ ပြန်လည်စိုးမိုးနိုင်သည့် ကယား၊ ချင်း၊ ပအိုဝ်းဒေသများရှိ ပြည်သူများ နေရပ်ပြန်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေး စသည်တို့အား ကူညီဖြေရှင်းပေးစေလိုဟု ၎င်းကဆိုကြောင်း ဝါဒဖြန့်သတင်းစာအရ သိရသည်။

အလားတူ နေပြည်တော်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ တွေ့ဆုံမှု၌လည်း စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ဆွေးနွေးလာစေရေး အကူအညီတောင်းခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်အဖွဲ့ကို ယခင်ကာလတွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် နိုင်ငံရေးပါတီများ ကိုယ်စားပြုအဖြစ် ဖွဲ့စည်းခဲ့သော်လည်း ရွေးတုအစိုးရ အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားကာ လက်ရှိ၎င်းတို့ ဖွဲ့စည်းမှုများသည် ဟန်ပြသာဖြစ်ဟု အကဲခတ်များက ထောက်ပြသည်။

ရွေးတုအစိုးရသည် ၎င်းတို့၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ ပထမအကြိမ် အလုပ်အဖွဲ့ကို လက်ရှိ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးအား ခေါင်းဆောင်ထား ဦးဆောင်၍ ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိဖွဲ့စည်းထားသော ဒုတိယအကြိမ် အလုပ်အဖွဲ့ကိုမူ ‌စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ထားပြီး ဗုံးကြဲတိုက်ခိုက် စစ်ရှိန်မြှင့်ရန် မြှောက်ပင့်ပေး၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ဖိတ်ခေါ်နေမှုကို တော်လှန်ရေး အင်အားစုဘက်မှ လက်ခံခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ – MOI