ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
နိုင်ငံတစ်ဝန်းရှိ အသက် ၉ လမှ ၅ နှစ်အတွင်း ကလေးသူငယ်များကို ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေပြီး ယခင်က ကာကွယ်ဆေး ထိုးဖူးထားသူများလည်း ထပ်မံထိုးနှံ ရမည်ဖြစ် ကြောင်း သိရသည်။
ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ် ဆေးကို အောက်တိုဘာ ၁၉ ရက်မှစတင်ကာ ထိုးနှံပေးနေ ခြင်းဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ကလေးသူငယ်များကို အဆိုပါ ထပ်ဆောင်း ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေသန္တရ ကျန်းမာရေးဝန်ထမ်း တစ်ဦးထံမှ သိရသည်။
၅ နှစ်အောက် ကလေးများအတွက် အဆိုပါ ကာကွယ်ဆေးထိုးနှဲခြင်းမှာ ယခုအောက်တိုဘာလတွင် ရန်ကုန်တိုင်း၊ ဧရာဝ တီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ပါဝင်ပြီး နိုဝင်ဘာလတွင် ကျန်ရှိနေသည့် တိုင်းနှင့်ပြည်နယ်များ၌ ဆက်လက် ထိုးနှံပေးမည်ဖြစ်သည်။

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ အသက် ၉ လမှ ၁ နှစ်ခွဲအထိ ၂ ကြိမ် ထိုးနှံပြီးသူများလည်း ယခု ထပ်ဆောင်းအစီအစဉ်တွင် ထပ်မံထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။
“ကလေးသူငယ်တွေကို ဝက်သက်ကာကွယ်ဆေးထိုးဖို့ မိုက်နဲ့အော်သွားတယ် အရင်ရက်က။ တစ်နှစ်ခွဲအထိ ထိုးထားတော့ ထပ်ထိုးရမလား ကျန်းမာရေးမှူးကိုမေးတော့ ထိုးရမယ်ပြောတယ်။ ကိုယ်ခံအားကောင်းအောင်လို့ ထပ်ဆောင်းထိုးရမယ်ပေါ့။ ဆေးထိုးရတဲ့စုရပ်တွေရှိတယ်။ ရပ်ကွက်မှာ အဲဒီမှာထိုးရတယ်” ဟု ရန်ကုန်မြို့ခံ ကလေးမိခင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးသည် အသက် ၅ နှစ်အောက် ကလေးများ အတွက်ဖြစ်ပြီး ကလေးငယ်တစ်ဦးသည် အသက် ၅ နှစ်မပြည့်ခင်အထိ ယင်းကာကွယ်ဆေးကို ထိုးနှံထားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
ဝက်သက်နှင့် ဂျိုက်သိုးရောဂါသည် လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်တတ်သည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး နောက်ဆက်တွဲ ရောဂါများကြောင့် အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေတတ်ပြီး ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မျက်လုံးနီခြင်းနှင့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဗိုက်နှင့် ခြေထောက်များအထိ အနီအပိန့်အဖုလေးများ ထွက်ပေါ်လာခြင်းတို့ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ ကျန်းမာရေးကဏ္ဍတွင် ဘတ်ဂျက်ချထားပေးမှု မရှိခြင်း၊ ဝန်ထမ်းလျော့နည်းခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနေသော NGO များ ထွက်ခွာသွားခြင်းတို့ကြောင့် မွေးကင်းစ ကလေးသူငယ်များအတွက် လိုအပ်သည့် ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine) ထိုးနှံပေးနိုင်မှု ကျဆင်းသွားခဲ့သည်။
ရောဂါ ၁၃ မျိုး ကာကွယ်နိုင်သော ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်မူ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာကြောင်း ရွေးတုအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထံမှ သိရသည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင် ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးသော ကလေး သူငယ်များနှင့် ကာကွယ်ဆေး မပြည့်စုံသေးသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ကာကွယ်ဆေးများအပြင် နည်းပညာပိုင်းဆိုင်ရာများပါ ထောက်ပံ့ကူညီပေးလျက်ရှိသည်။
ဝက်သက်နှင့် ဂျိုက်သိုးရောဂါသည် လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်တတ်သည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး နောက်ဆက်တွဲ ရောဂါများကြောင့် အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေတတ်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မျက်လုံးနီခြင်းနှင့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဗိုက်နှင့် ခြေထောက်များအထိ အနီအပိန့်အဖုလေးများ ထွက်ပေါ်လာခြင်းတို့ ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်