ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မထိန်းချုပ်နိုင်ရင် ယူကရိန်းကို ကာကွယ်ဖို့ ကြားဖြတ်ပစ်ဒုံးကျည်တွေ ပို့ပေးသင့်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုလိုက်ပါတယ်။

ခေါင်းဆောင်နှစ်ဦးကြား စကားစစ်ထိုးပွဲတွေ ပြင်းထန်နေချိန်မှာ ဇီလန်စကီးက အီတလီ သတင်းစာတစ်စောင်ကို အခုလို သတင်းစကား ပါးလိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဒေါ်နယ်ထရမ့်အနေနဲ့ ယူကရိန်းကို တမင် ထိခိုက်အောင် လုပ်နေတယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့် စိတ်ပျက်နေတယ်လို့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်

ယူကရိန်းကို ပိတ်ပင်ထားတာ မရှိဘဲ အခြား မဟာမိတ်တွေနဲ့ အမေရိကန်ရဲ့ လိုအပ်ချက်တွေကို မျှတအောင် ညှိနှိုင်းနေရတာလို့လည်း ၎င်းက ရှင်းပြပါတယ်။

ဇီလန်စကီးဟာ နော်ဝေမှာ အမေရိကန်သံတမန် စတီဗ်ဝစ်ကော့ဖ်၊ ဒေါ်နယ်ထရမ့်ရဲ့ သားမက် ဂျားရက်ကူးရှ်နာတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ အခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းထံ ကြားဖြတ်ပစ် ဒုံးကျည်တွေ ပေးပို့တာကို နှောင့်နှေးစေရုံတင် မကဘဲ စတားလင့်ခ် ဂြိုဟ်တု အချက်အလက်တွေကိုပါ ကန့်သတ်ထားတယ်လို့ ဇီလန်စကီးက စွပ်စွဲပါတယ်။

ယူကရိန်းမှာ ရုရှား ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်ချေမှုန်းဖို့ အမေရိကန်လုပ် ပက်ထရီယော့တ် (Patriot) လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ကုန်သလောက် ဖြစ်နေပြီလို့ သိရပါတယ်။

မာကိုရူဘီယိုက ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို ပက်ထရီယော့တ် ဒုံးကျည်တွေကို လိုချင်နေကြတာမို့ ထောက်ပံ့မှု နှောင့်နှေးရတာလို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ယူကရိန်းကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ကိယဗ်မြို့နဲ့ အခြားမြို့ကြီးတွေကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေပါတယ်။

နော်ဝေနဲ့ ဖင်လန်ခေါင်းဆောင်တွေက နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှ သံတမန်ရေး ကြိုးပမ်းမှုတွေကို ပိုမို အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ် ရောက်စေချင်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ရုရှားအပေါ် စွမ်းအင်ဆိုင်ရာ အရေးယူမှုအချို့ ဖြေလျှော့ပေးခဲ့လို့ ရုရှားက စစ်ပွဲကို ပိုမို အဟုန်မြှင့်လာနိုင်တယ်လို့ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။

ဇီလန်စကီးအနေနဲ့ စစ်ပွဲကို အဆုံးမသတ်ချင်ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အခြားသူတစ်ယောက်ကို ပြောင်းသင့်တယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

စစ်ပွဲကြာမြင့်လာတာနဲ့အမျှ အမေရိကန်နဲ့ ယူကရိန်းကြား သံတမန်ရေးရာ တင်းမာမှုတွေလည်း ပိုပြီး ပြင်းထန်လာပါတယ်။

News: CBS News
Ref; Ukraine’s Zelenskyy says if Trump “cannot rein Putin in,” at least clear interceptor missile shipment