ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ငါးရက်အတွင်း စစ်မှုထမ်း ရန်အတွက် မြို့နယ် ၈ မြို့နယ်မှ လူ ၁၀ ဦးထက်မနည်း အဓမ္မ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရမှုများတွင် အင်းစိန်မြို့နယ်မှ တစ် ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ တစ် ဦး၊ မြောက်ဒဂုံ မြို့နယ်မှ တစ် ဦး၊ တောင်ဥက္ကလာပမြို့နယ်မှ တစ် ဦး၊ တာမွေမြို့နယ်မှ နှစ် ဦး၊ မင်္ဂလာ တောင်ညွန့် မြို့နယ်မှ ခြောက်ဦး၊ စမ်းချောင်းမြို့နယ်မှ နှစ် ဦးနှင့် လှိုင်မြို့နယ်မှ တစ် ဦးတို့ ပါဝင်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသူများအနက် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ဖမ်းဆီးခံရသူ တစ် ဦးနှင့် ထောက်ပို့လုပ်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရသူ တစ် ဦးတို့ ပါဝင်သည်။ လမ်းပေါ်တွင် ဖမ်းဆီးခံရသူ ရှစ် ဦးအထိ ရှိခဲ့ပြီး ၎င်းတို့ထဲမှ နှစ် ဦးမှာ ဒေသခံများ၏ ဝိုင်းဝန်းကူညီပေးမှုကြောင့် ပြန်လည် လွတ် မြောက်လာကြောင်း ဒေသတွင်းသတင်းများကို စိစစ်စစ်တမ်းကောက်ယူနေသည့် Rangoon Scout Network ထံမှ သိရသည်။
ယင်းအပြင် အောက်တိုဘာ ၉ ရက်ကလည်း ကျောက်တံတားမြို့နယ် ရဲစခန်းရှေ့တွင် ရိုက်နှက် ဖမ်းဆီးခံရသူ တစ်ဦးနှင့် အောက်တိုဘာ ၁၁ ရက်က စမ်းချောင်းမြို့နယ် ကျွန်းတောပွဲဈေးအနီးတွင် ဖမ်းဆီးခံရသူ တစ် ဦးတို့ရှိခဲ့ပြီး အောက်တိုဘာ ပထမပတ်အတွင်း သာကေတမြို့နယ်နှင့် မင်္ဂလာဒုံ မြို့နယ်တို့တွင်လည်း လမ်းပေါ်တွင်ဖမ်းဆီးခံရမှု ဖြစ်စဉ်များ ထပ်မံရှိခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးတုသမ္မတ မင်းအောင်လှိုင်၏ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်း သင်တန်းတက်ရောက်ခဲ့ရသူ လူငယ် တစ်သိန်းလေးသောင်းခန့်အထိ ရှိနိုင်ပြီး ယင်းတို့အနက် စစ်မှုထမ်း ၂ နှစ်ထမ်းဆောင်ပြီးသူ တစ်ဦးကို မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် စေလွှတ်ခဲ့ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။