ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အရက်မူးပြီး လိုင်စင်မဲ့ကားဖြင့် တက္ကသိုလ်ကျောင်းသူ ၃ ဦးကို ဝင်တိုက်မိ၍ သေဆုံးစေခဲ့သည့် ရွေးတုအစိုးရလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ဝန်ထမ်းဖြစ်သူ နေလင်းစိုးအား သထုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အရက်မူးနေသည့် ကညနဝန်ထမ်း နေလင်းစိုးသည် မေလ ၁၀ ရက် ညနေ ၄ နာရီခန့်က သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာအနီးတွင် မော်လမြိုင်နည်းပညာတက္ကသိုလ်မှ မအေးအေး အောင်၊ မော်လမြိုင်တက္ကသိုလ်မှ မနေခြည်ကျော်နှင့် မဂျူလိုင်မိုးတို့ သုံး ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် အရှိန်လွန်ကာ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဝင်ရောက်တိုက်မိမှုကြောင့် တက္ကသိုလ်ကျောင်းသူ သုံး ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူ နေလင်းစိုးက သေဆုံးသူ တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် လျှော်ကြေးပေး၍ အမှုပိတ်သိမ်းရန် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် သေဆုံးသူ မိန်းကလေးများ၏ မိဘများမှာ အမှတ် (၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံ-သထုံ) မှ ဝန်ထမ်းများဖြစ်ကြသဖြင့် စက်ရုံမှူးကိုယ်တိုင်က နာရေးရက်လည် မတိုင်မီ မိသားစုများအား လက်မှတ်ရေးထိုး ကျေအေးပေးရန် ဆက်တိုက် ဖိအားပေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း သေဆုံးသူ ကျောင်းသူများ၏ ရုပ်အလောင်းများကို မေလ ၁၂ ရက်တွင် လေးတိုင်ကျေးရွာ ညောင်ဝိုင်းသုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီးနောက် မိသားစုများက အမှုအား တရားဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်ခဲ့ကြရာမှ သထုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။