‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၁ ရက်

 

ဂျပန်နိုင်ငံ၊ ရှီဇူးအိုကာစီရင်စုခရိုင်၏ အများပြည်သူ ပို့ဆောင်ရေးကဏ္ဍတွင် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုပြည့်စုံသည် အဆိုပါ ခရိုင်တစ်ခုလုံးတွင် လိုင်းကား မောင်းနှင်ခွင့်ရရှိသည့် ပထမ ဦးဆုံးသော နိုင်ငံခြားသား ဘတ်စ်ကားယာဉ်မောင်းအဖြစ် အောက်တိုဘာ ၁၉ ရက်မှစတင်ကာ တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း Fuji Kyuko Shizuoka Bus Co., Ltd. က ထုတ်ပြန်ထားသည်။

 

မြန်မာယာဉ်မောင်း ကိုပြည့်စုံသည် ယာဉ်မောင်းဝတ်စုံနှင့် လက်အိတ်တို့ကို သပ်ရပ်စွာ ဝတ်ဆင်၍ အများပြည်သူသုံး ဘတ်စ်ကားကို စနစ်တကျ မောင်းနှင်နေပုံများကို ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဂျပန်နိုင်ငံတွင် အများပြည်သူစီး ဘတ်စ်ကားကို မောင်းနှင်ခွင့်ရရှိရန်အတွက် သာမန် ယာဉ်မောင်းလိုင်စင် အပြင် အဆင့်မြင့် စည်းကမ်းကြီးကြပ်မှုရှိသည့် “အဆင့် ၂ စီးပွားဖြစ် ယာဉ်မောင်းလိုင်စင် ” ကို ရရှိရန် စာမေးပွဲ အောင်မြင်ရမည် ဖြစ်သည်။

ထို့အပြင် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေး၊ ယာဉ်ကြောဆိုင်ရာ စည်းကမ်းများနှင့် လမ်းကြောင်း ပြောင်းလဲမှု အခြေအနေများကို သေချာစွာ မောင်းနှင် ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် ဂျပန်ဘာသာ စကား ကျွမ်းကျင်မှု ကိုလည်း အဆင့်မြင့် လေ့ကျင့်သင်ယူရသည်။

 

လက်ရှိတွင် ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေများပြားလာမှုကြောင့် ဘတ်စ်ကား၊ တက္ကစီအပါအဝင် သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုလုံးတွင် ယာဉ်မောင်းအင်အား ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။

 

ဂျပန်အစိုးရသည် အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် သတ်မှတ်ကျွမ်းကျင်လုပ်သား Specified Skilled Worker (SSW) ဗီဇာစနစ်အတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုပါ တရားဝင် ထည့်သွင်းခွင့်ပြုခဲ့ပြီးနောက် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားသား ယာဉ်မောင်းများကို စတင်လက်ခံ ခေါ်ယူလေ့ကျင့်ပေးလျက်ရှိသည်။

 

အဆိုပါ လုပ်ငန်းသည် ခရီးသည်များ၏ အသက်အန္တရာယ် ဘေးကင်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု လွန်စွာကြီးမားသည့် အရေးပါသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းတစ်ခုဖြစ်ပြီး အခြားခရိုင်များတွင်လည်း မြန်မာအပါအဝင် နိုင်ငံခြား သား ယာဉ်မောင်းများကို ဆက်လက် လက်ခံသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – Fuji Kyuko Shizuoka Bus
ကိုးကား – Japan Daily, Fuji Kyuko Shizuoka Bus Co., Ltd.