ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုရန်မှ ဆော်ဒီအာရေးဗီးယားကို ကာကွယ်ပေးဖို့အတွက် ဗြိတိန်အစိုးရက တိုက်လေယာဉ်တွေ စေလွှတ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ တိုင်ဖွန်းစစ်လေယာဉ်တွေကို ကာကွယ်ရေးကဏ္ဍ တစ်ခုတည်းမှာ အသုံးပြုမှာဖြစ်ပြီး အီရန် ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကို သွားရောက်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ မြို့ကြီးတွေနဲ့ အဓိက အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေရန်မှ ကာကွယ်ပေးဖို့ ဗြိတိန်လေတပ်က အခုလို ကူညီပေးတာပါ။
ဆော်ဒီအာရေးဗီးယားရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ လေယာဉ်ချင်း ဆီဖြည့်တင်းပေးနိုင်မယ့် ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ပေးသွားမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အခုလို ကူညီပေးမှုဟာ ဆော်ဒီအာရေးဗီးယား ကျောထောက်နောက်ခံပြု ယီမင်အစိုးရနဲ့ ဟူသီအဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ရေနံချက်စက်ရုံတွေနဲ့ ရိယဒ်မြို့တော်ရှိ လေဆိပ်တို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရီးတင်းက ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ စက်ဆုပ်ဖွယ်ကောင်းပြီး ဒေသတွင်း တင်းမာမှုကို ပိုမိုမြင့်တက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယား လေကြောင်းပိုင်နက်ကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေရန်မှ ကာကွယ်ဖို့ စစ်ရေးအရ ထပ်မံကူညီပေးရတာ ဖြစ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။
ဗြိတိန်အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်တာကြောင့်လို့ သိရပါတယ်။
အီဂျစ်ပါလီမန်ဟာ ဆော်ဒီအာရေးဗီးယားကို စစ်ရေးအရ ကူညီပေးဖို့ သမ္မတ အဗ္ဗဒယ်ဖာတာအယ်လ်စီစီရဲ့ တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားပါတယ်။
အီဂျစ်နိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ မဲခွဲဆုံးဖြတ်မှုကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
ဗြိတိန် အပါအဝင် မဟာမိတ်နိုင်ငံတွေဟာ ပင်လယ်ကွေ့ဒေသ တည်ငြိမ်ရေးနဲ့ စွမ်းအင်လုံခြုံရေးအတွက် လုံခြုံရေးအစီအမံတွေကို တိုးမြှင့် ဆောင်ရွက်နေပါတယ်။
News: Al Jazeera
Ref; UK to deploy Typhoon jets to help defend Saudi Arabia from Houthi attacks