ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရဟာ ပြီးခဲ့တဲ့ ၈ လအတွင်း ဆန္ဒပြသူ ၇၅,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ စွပ်စွဲလိုက်ပါတယ်။

အီရန်အစိုးရက လူသတ်မှုတွေ အများကြီး လုပ်ခဲ့ပြီး ဒီလပိုင်းတွေအတွင်း ဆန္ဒပြသူ ၇၅,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကန်းဆတ်ပြည်နယ်က မဲဆွယ်ပွဲမှာ ၎င်းက ပြောပါတယ်။

လူတွေက ဘာလို့ ဆန္ဒပြပွဲတွေ မလုပ်ကြတာလဲလို့ မေးမြန်းကြပေမဲ့ လမ်းထောင့်တွေမှာ စက်သေနတ်တွေနဲ့ ပစ်သတ်နေတဲ့အချိန်မှာ ဆန္ဒပြဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်လို့ သူက ဆက်ပြောပါတယ်။

အီရန်အစိုးရဟာ သတ်ဖြတ်ထားတဲ့ လူတွေကို မထင်ရှားတဲ့ နေရာတွေမှာ မထားဘဲ လူအများမြင်အောင် ကရိန်းတွေမှာ ချိတ်ဆွဲပြသလေ့ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အီရန်အစိုးရရဲ့ အဲဒီလိုလုပ်ရပ်တွေဟာ အလွန်တရာ ဝမ်းနည်းစရာကောင်းပြီး အကြမ်းဖက်အုပ်စု ဖြစ်တယ်လို့ ၎င်းက ဝေဖန်ခဲ့ပါတယ်။

နေတိုးမဟာမိတ်အဖွဲ့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ပြောဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပြီး အီရန်နဲ့စစ်ပွဲမှာ နေတိုးအဖွဲ့ဝင်တွေကို အကူအညီတောင်းခံခဲ့တာဟာ စမ်းသပ်မှုတစ်ခုသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အီရန်နဲ့ ပတ်သက်ပြီး အကူအညီမလိုဘဲ တောင်းခံခဲ့ကြောင်း၊ အဲဒီလိုအကူအညီမျိုး လုံးဝ မလိုချင်ခဲ့ပေမဲ့ နေတိုးအဖွဲ့ရဲ့ စိတ်ရင်းကို စမ်းသပ်ချင်လို့ အကူအညီတောင်းခံခဲ့တာလို့ ဒေါ်နယ်ထရမ့်က ရှင်းပြပါတယ်။

နေတိုးအဖွဲ့ကို ငွေကြေးတွေ အမြောက်အမြား သုံးစွဲပြီး ကာကွယ်ပေးနေရပေမဲ့ အမှန်တကယ် အကူအညီတောင်းတဲ့အခါမှာ ဘယ်သူမှ မကူညီကြဘူးဆိုတာကို သိရှိခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်က နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ကာကွယ်ပေးနေရပေမဲ့ လိုအပ်တဲ့အချိန်မှာ အကူအညီ မရခဲ့တာကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြော
ပါတယ်။

News: Jerusalem Post
Ref; Trump accuses Iranian regime of killing 75,000 protesters in past eight months