ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီ လိုက်ပါပို့ဆောင်စဉ် ဆယ်ကျော်သက်လူငယ် သုံးဦးက လူပြတ်သည့်နေရာအရောက်တွင် ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်နှင့် တန်ဖိုးရှိပစ္စည်းများ လုယက်သွားခဲ့ကြကြောင်း သိရသည်။
အသက် ၁၆ နှစ်နှင့် ၁၇ နှစ်ဝန်းကျင်ရှိ လူငယ် သုံး ဦးသည် ယမန်နေ့ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီခန့်က ကယ်ရီငှားရမ်းကာ ပန်းတနော်မြို့နယ်၊ ပြန်ပလော့ကျေးရွာနှင့် ပိတောက်ချောင်းကျေးရွာ ကြား လူပြတ်သည့်နေရာသို့ ရောက်ရှိချိန်တွင် ယခုကဲ့သို့ ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။
“အဲ့နေ့မှာ ချာတိတ် ၃ ယောက်က သူတို့ကို လိုက်ပို့ဖို့ ကယ်ရီငှားတာ။ ကိုဂျင်မောင်မောင်ကလည်း သဘောရိုးနဲ့ လိုက်ပို့တယ်။ လူပြတ်တဲ့နေရာ ရောက်တော့ ဝိုင်းရိုက်လုကြတာ။ သူသတိလစ်သွားတဲ့ အချိန် လူကိုမြောင်းထဲ လွှင့်ပစ်ခဲ့ကြတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လုယက်ခံရသူမှာ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာနေ အသက် ၄၀ အရွယ် ကိုဂျင်မောင်မောင် ဖြစ်ပြီး ကျူးလွန်သူများသည် အနောက်မှနေ၍ လည်ပင်းဖက်ချုပ်ကာ တုတ်၊ ဝါးလုံးတို့ဖြင့် ရိုက်နှက်ခြင်း၊ လည်ပင်းညှစ်ခြင်းနှင့် ကိုယ်ခန္ဓာအနှံ့ ကန်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကိုဂျင်မောင်မောင် သတိလစ်မေ့မြောသွားချိန်တွင် လမ်းဘေးမြောင်းအတွင်းသို့ ပစ်ချခဲ့ကြပြီး အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
လူငယ်များက ထိုသို့ ဝိုင်းဝန်းရိုက်နှက် လုယက်မှုကြောင့် ကိုဂျင်မောင်မောင်တွင် မေးရိုးကျိုးခြင်း၊ လက်ဖျံနှင့် လက်ခုံရိုးများ ကျိုးခြင်း၊ ရင်ဘတ်နှင့် ဆီးခုံတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ဦးခေါင်းတွင်လည်း ခုနစ် ချက် ချုပ်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသည့်အတွက် ပန်းတနော်ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် လွှဲပြောင်းကုသလျက်ရှိပြီး အဆိုပါ ပြစ်မှုကျူးလွန်သွားသည့် တရားခံများကို ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။