ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
မြောက်ကိုရီးယားက ရန်စမှုတွေ ထပ်မံ ပြုလုပ်လာရင် ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၂၀ ရက်မှာ သတိပေးလိုက်ပြီး စစ်ရေးတင်းမာမှုတွေအတွက် ဆိုးလ်ကို အပြစ်ပုံချနေတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နှစ်နိုင်ငံ နယ်စပ် စစ်မဲ့ဇုန် (DMZ) အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တောင်ကိုရီးယားတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိခဲ့မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက တာဝန်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ကုလသမဂ္ဂ စစ်ဌာနချုပ်တို့ရဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုအရ အဆိုပါ မိုင်းပေါက်ကွဲမှုဟာ တောင်ကိုရီးယားဘက်ခြမ်းမှာ မြောက်ကိုရီးယားက ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့်လို့ ကောက်ချက်ချခဲ့ပေမဲ့ မြောက်ကိုရီးယားက တရားဝင် တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
မြောက်ကိုရီးယားက နယ်စပ်တစ်လျှောက် ထပ်မံဖြန့်ကျက်မယ့် စစ်ဗျူဟာမြောက် တိုက်ခိုက်ရေး နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားက အောက်တိုဘာ ၁ ရက်မှ ၁၇ ရက်အထိ အသံချဲ့စက်တွေနဲ့ ၉၉၈ ကြိမ်တိုင်တိုင် ရန်စခဲ့သလို သတိပေးပစ်ခတ်မှု ၉၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။
အဆိုပါ စွပ်စွဲချက်တွေကို တောင်ကိုရီးယားက လုံးဝ လက်မခံဘဲ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာအောင် ပြုလုပ်နေတာဟာ မြောက်ကိုရီးယားကိုယ်တိုင် ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယား စစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ ဂျင်ယွန်ဆောင်းက တောင်ကိုရီးယားရဲ့ တရားဝင် စစ်ဆင်ရေး ဆောင်ရွက်ချက်တွေကို မြောက်ကိုရီးယားက ရန်စမှုအဖြစ် ပုံဖော်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယားက ဆက်လက် ရန်စလာပါက ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားဖို့ စစ်တပ်ကို အမိန့်ပေးထားကြောင်း သိရပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အသံချဲ့စက် ထုတ်လွှင်ါမှုနဲ့ သတိပေး ပစ်ခတ်မှုတွေဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ နယ်စပ်မျဉ်းကို ကျော်လွန်မလာစေဖို့ ကာကွယ်တဲ့ အစီအမံတွေသာ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားဟာ အမှိုက်တွေ ပါဝင်တဲ့ မိုးပျံပူပေါင်း ထောင်ပေါင်းများစွာကို တောင်ကိုရီးယားဘက်ကို လွှတ်တင်ခဲ့ဖူးပါတယ်။
တောင်ကိုရီးယားက နယ်စပ်မှာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် K-pop သီချင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို အသံချဲ့စက်နဲ့ ထုတ်လွှင့်ခဲ့ပါတယ်။
နယ်စပ် တင်းမာမှုတွေကြောင့် မြောက်ကိုရီးယားဟာ မကြာသေးမီက တော်ပီဒိုစနစ်နဲ့ အသံထက်မြန်သော ဒုံးကျည်သစ်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
News: AFP
Ref; South Korea warns of ‘firm’ response to further provocations from North