ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းသို့ အာရက္ခတပ်တော် (AA) က စိမ့်ဝင်တိုက်ခိုက်လျက်ရှိပြီး အဓိက တပ်စခန်းများ၏ ကာကင်းများပါ ဆုံးရှုံးလာချိန်၌ မြို့တော်နှင့် ရေတပ် အဆက်အသွယ် ဖြတ်တောက် ခံရမည်ကို စိုးရိမ်သဖြင့် ရွေးတုအစိုးရစစ်တပ်က အင်အားတိုးချဲ့ချထားမှုများ ပြုလုပ်လာကြောင်း သိရသည်။
ရွှေမင်းဂံ အခြေစိုက်ရေတပ်စခန်း (ရစခ ၁၇) နှင့် မြို့တော်စစ်တွေ အဆက်အသွယ်ပြတ်တောက်မည့် အခြေအနေ ရှိနေသည့်အတွက် စစ်တပ်က ဆတ်ရိုးကျချောင်းတံတား ပတ်ဝန်းကျင်ကို ယခု အောက်တိုဘာ တတိယပတ်အတွင်း၌ ထပ်မံ၍ အင်အားတိုးချဲ့ ချထားခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။
“ဆတ်ရိုးကျဘက်ကို ညဘက်တွေမှာ စစ်အင်အားတွေ ဖြည့်နေတယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့ လမ်းမတော်ရပ်ကွက်မှ ရွှေမင်းဂံဘက်သို့ ဆတ်ရိုးကျချောင်းတံတားဖြင့် ချိတ်ဆက်ထားရာ ယင်းတံတားအောက်တွင် ရွေးတုအစိုးရစစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရေတပ်စခန်းအသစ် တည်ဆောက်ထားပြီး စစ်အင်အားများလည်း ဖြည့်တင်းထားခဲ့သည်။
စစ်တပ်၏ ထိုးစစ်အတွင်း ရွှေမင်းဂံရေတပ်စခန်းကို AA က အပြင်းအထန် တိုက်ခိုက်လာသည့်အတွက် စစ်တပ်က ငပြီကျွန်း ကမ်းတက်စစ်ဆင်ရေးကို ဖော်ဆောင်ကာ ရွှေမင်းဂံရေတပ်မှ စစ်ကူနှင့် ပစ်ကူပေးရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ကမ်းတက်စစ်ဆင်ရေးမှာလည်း အောင်မြင်ခြင်း မရှိတော့ဘဲ ရေတပ်အတွက်ပါ စိုးရိမ်လာရသည့်အတွက် ယခုကဲ့သို့ အင်အားတိုးချဲ့ တပ်ဖြန့်နေရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
ထို့အပြင် မြို့အတွင်းရှိ တပ်မိသားစုများနှင့် ရဲမိသားစုဝင်များကိုလည်း စစ်ရေယာဉ်များဖြင့် သယ်ထုတ် သွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။ လက်ရှိတွင် တိုက်ပွဲများမှာ စစ်တွေ၏ အဓိကစစ်ဌာနချုပ် (ဒကစ) ပတ်ဝန်းကျင်အထိ ရောက်ရှိလာပြီး ဝိုင်းပတ်ဖြစ်ပွားနေကာ ဝါဘိုကျေးရွာ ကိုလည်း AA က လုံးဝ ထိန်းချုပ်ထားပြီ ဖြစ်သည်။
ထို့အတူ တပ်မ (၁၀၁) အမာခံ ခံစစ်ဆင်နေသည့် အမြင့်ကျွန်းကိုလည်း AA က အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်တွေနှင့် ငပြီကျွန်းတိုက်ပွဲများအတွင်း ရွေးတု အစိုးရစစ်တပ်က အင်အားထောင်ချီ အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။