ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းလူ့အခွင့်ရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ဂျနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးထံက သိရသည်။
တွေ့ဆုံမှုအတွင်း ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများနှင့် ပတ်သက်သည့် အစည်းအဝေး စုစုပေါင်း ခုနှစ် ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ ကျွန်တော်တို့ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို သိရှိဖို့ပေါ့နော်။ ဒီကနေမှတဆင့်နစ်နာတဲ့သူတွေကို ကုစားနိုင်ရေးနဲ့ ကျူးလွန်တဲ့သူတွေကသာမက ပါဝင်ပတ်သတ်သူတွေနဲ့ စေခိုင်းသူတွေကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်မှ တားဆီးနိုင်ရေးအတွက် အဓိကဆွေးနွေးခဲ့တာမျိုးရှိပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ညှဉ်းပန်းနှိပ်စက်ခံရမှုများနှင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်း၊ ဆေးဝါးကုသခွင့်ပိတ်ပင်ခံရမှုကြောင့်အသက်ဆုံးရှုံးနေရသည့် အခြေအနေများကို အဓိကထားတင်ပြခဲ့ကြောင်း သိရသည်။
“အနာဂတ်မှာ တရားဥပဒေစိုးမိုးရေးကာလတွေမှာ နစ်နာသူတွေအတွက်ရော ကျူးလွန်တဲ့သူတွေဟာ ပြစ်ဒဏ်ကနေလွတ်မြောက်တယ်ဆိုတဲ့အခြေအနေတွေမရှိအောင်ကျွန်တော်တို့ပိုပြီးမှ စနစ်တကျနဲ့မှတ်တမ်းတွေပြုစုဖို့ အချက်အလက်ကိုအခြေပြုတဲ့ မှတ်တမ်းတွေ ပြုစုဆောင်ရွက်တဲ့ လုပ်ငန်းတွေလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲများမှတဆင့် အကျဉ်းထောင်များအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုအာရုံစိုက်လာစေရန်၊ နိုင်ငံရေးအကျဉ်းသားများ၏ အခြေခံ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်စေရန်အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ ရုံးအဖွဲ့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာအထူးအစီရင်ခံစာ တင်သွင်းသူ၏ ရုံးအဖွဲ့၊ အတင်းအဓမ္မ ပျောက်ဆုံးစေမှုဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – PPNM