‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၀ ရက်

‎‎ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ရန်ကုန်အခြေစိုက်တပ်ရင်းများမှ အင်အားများကို စစ်ယာဉ်တန်းများဖြင့်ပို့‌ဆောင်ပြီးအင်အားဖြည့်‌နေကြောင်းသိရသည်။

‎ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့က ရန်ကုန်အခြေစိုက်တပ်ရင်းများမှ ထုတ်နှုတ်အင်အားများကို ခေါ်ဆောင်လာသည့် စစ်ယာဉ်တန်းအစီး ၂၀ ဝန်းကျင်သည် ဗိုလ်မြတ်ထွန်းတံတားကိုဖြတ်ပြီး ပုသိမ်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

‎”တပ်အမှတ် အင်အား စိစစ်ဆဲ စစ်ကားအစီး ၂၀ ဝန်းကျင် အောက်တိုဘာ ၁၇ရက်က ပုသိမ် နတခကို ဝင်ရောက်ထားပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဧရာဝတီ- ရခိုင်အစပ်တိုက်ပွဲများတွင် ထိခိုက်သေ‌ဆုံးမှုများပြီး အထိနာနေသည့်အတွက် တပ်အင်အားများ ထပ်မံဖြည့်တင်းရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး နတခအတွင်း အခြေစိုက်ရန်နှင့် သာပေါင်း၊ ရေကြည်ဘက်ကို အင်အားဖြန့်ရန်လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎သာပေါင်း၊ သဲဖြူဘက်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်မှ ၁၇ရက်နေ့အထိ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး ယမ‌န်နေ့ အောက်တိုဘာ ၁၉ရက်နေ့အထိ ပစ်ခတ်သံများကြားရပြီး တိုက်ပွဲဆက်ရှိနေခဲ့သည်။ ဒုတိုင်းမှူးကိုပါ သဲဖြူအထိဆင်း၍ ကွပ်ကဲခိုင်းထားရသည့် အခြေအနေရှိကြောင်း သိရသည်။

‎ထို့အပြင် ဂွမြို့နယ်ကိုဦးတည်သည့် တပ်မ ၆၆၏ လက်အောက်ခံတပ်များမှာ မကျည်းဇင်ရွာမှနေ၍ စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်မှုရှိနေသည်။ ရခိုင်တောင်ပိုင်းကို ဝင်ရောက်ရန် စစ်ဆင်ရေးကို စစ်တပ်က ထပ်မံဖိအားပေးလုပ်ဆောင်လာနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။