ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် လမ်းမှားယွင်းရောက်ရှိလာသည့် အရပ်သားပြည်သူ နှစ် ဦးကို ရွေးတုအစိုးရ စစ်တပ်က ဖမ်းဆီးပြီး ၁ ဦးကို အနီးကပ် ပစ်သတ်ကာ အခြား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာ ၁၉ ရက်၊ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အင်းတော်မြို့နယ်၊ ညောင်ကုန်း ကျေးရွာဘက်မှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာသော အရပ်သားပြည်သူ နှစ် ဦးသည် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေကို ကျော်လွန်ကာ စစ်တပ် တပ်စွဲထားသည့် မအူကုန်း ကျေးရွာအနီးသို့ မှားယွင်းရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောက်ရှိသွားချိန်တွင် အသက် (၂၃) နှစ်အရွယ် လူငယ်ကို စစ်တပ်က လက်နောက်ပြန်ကြိုးတုပ်ကာ မြေပြင်တွင် မှောက်ခိုင်းပြီး သေနတ်ဒင်ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်၍ အနီးကပ် ပစ်သတ်ကာ လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်။
ထို့အပြင် ကျန်ရှိသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း လက်နောက်ပြန် ကြိုးတုပ်လျက် ရိုက်နှက်နှိပ်စက်ပြီး လယ်ပြင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ရွေးတုအစိုးရစစ်တပ်သည် တိုက်ပွဲများအတွင်း အထိနာသည့်အခါတိုင်း စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လေ့ရှိပြီး တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်သားများကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ကြောင့် ခရီးသွားလာကြသည့် ပြည်သူများအနေဖြင့် စစ်တပ်၏ လူမဆန်သော စစ်ရာဇဝတ်မှုများနှင့် မကြုံတွေ့ရစေရန် လမ်းခရီးအခြေအနေများကို ကြိုတင်စုံစမ်းကြရန်နှင့် သက်ဆိုင်ရာ နယ်မြေအလိုက် ထုတ်ပြန်ထားသည့် လုံခြုံရေးသတိပေးချက်များကို အထူးဂရုပြု လိုက်နာကြပါရန် NUG က တိုက်တွန်းထားသည်။
အဆိုပါ မတရားဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်ခံရသည့် ပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင် ပေးနိုင်ရေးအတွက် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က ထုတ်ပြန်ထားသည်။