ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်မြောက်လမ်းဆုံအနီးတွင် အမျိုး သားတစ်ဦးထံမှ သိန်း ၇၀ ကျော် လုယက်မှုနှင့် ၈၈ ရပ်ကွက်တွင် လူငယ်တစ်ဦး ဖမ်းဆီးခံရ၍ အိမ်ရောင်းကာ ငွေပေးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်မြောက်လမ်းဆုံအနီးတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုဖမ်းဆီးပြီး ငွေသားသိန်း၃၀နှင့် K Pay အကောင့်အတွင်းရှိ ငွေကျပ် သိန်း ၄၀ ကျော် စုစုပေါင်း သိန်း ၇၀ ကျော်ကို လုယူသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက လမ်းထိပ်မှာ ပိုက်ဆံသွားထုတ်တာ။ ထုတ်ပြီးဆိုင်ထဲကအထွက်မှာ အနားကပ်လာပြီး တို့ဆေးသဘောမျိုး တို့ပြီးခေါ်သွားတာ။ သူတို့က လိုက်ထရပ်လိုကားနဲ့လို့ပြောတယ်။ အချိန်က ညနေ ငါး နာရီကျော် ခြောက် နာရီပဲရှိသေးတယ်။ လက်ထဲက ပိုက်ဆံရော K Pay ထဲမှာရှိတဲ့ သိန်း ၄၀ ကျော်ကိုပါ အဓမ္မ လွှဲခိုင်းပြီး ယူသွားတာပါ။ ငွေသားရော K Pay နဲ့ပါဆို စုစု ပေါင်း သိန်း ၇၀ ကျော် ပါသွားတာ”ဟု ဖြစ်စဉ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း နစ်နာသူ၏ မိသားစုဝင်များက သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူများထံ သွားရောက်အကူအညီတောင်းခံခဲ့ရာ ၎င်းတို့မှ ဖုန်းဆက်သွယ်ပေးခဲ့သဖြင့် ကျူးလွန်သူ များက နစ်နာသူအား ရိုက်နှက်၍ လမ်းဘေးတွင် ပစ် ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ် သည်။
“အိမ်ကို သိန်း ၂၀ ထပ်တောင်းပြီး ရွေးခိုင်းသေးတယ်။ သူတို့နီးစပ်ရာ ပိုင်ရာဆိုင်ရာတွေနဲ့ ဆက်သွယ်တော့မှ လူကို ထိုးကြိတ်ပြီး ၁၈ ရပ်ကွက်နားမှာ ပစ် ထားခဲ့တာ။ အဲ့နားကလူတွေက ဖုန်းဆက်ပေးတော့မှ သွားခေါ်ရတယ်”ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ တောင်ဒဂုံမြို့နယ်၊ ၈၈ ရပ်ကွက်တွင်လည်း လူငယ်တစ်ဦးကိုလည်း သိမ်းငှက်အဖွဲ့က ဖမ်းဆီးသွားပြီး မိသားစုထံ ငွေကျပ် သိန်း ၃၀ ဖြင့် လာရောက်ရွေးယူရန် တောင်းခံခဲ့ကြောင်း သိရသည်။
နစ်နာသူ မိသားစုဝင်များတွင် ချက်ချင်းပေးချေရန် ငွေကြေးမရှိသဖြင့် ၎င်းတို့ ပိုင်ဆိုင်သော အိမ်ကို ရောင်းချ၍ ပြန်လည်ရွေးယူခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါသိမ်းငှက်အဖွဲ့သည် လူမိုက်များဖြင့်ဖွဲ့စည်းထားပြီး ရပ်ကွက်အတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်၍ လူငယ်များကို ဖမ်းဆီး ငွေညှစ်သည့်အပြင် မိုက်ကြေးခွဲရမ်းကားနေသောအဖွဲ့ဖြစ်သည်။
တောင်ဒဂုံမြို့နယ်အတွင်း ယခုကဲ့သို့ ပြည်သူများအား မတရားဖမ်းဆီး၍ ငွေကြေးအဓမ္မ တောင်းခံသည့် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင့် ဒေသခံ ပြည်သူများအကြား လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။